SJ WorldNews - шаблон joomla Авто

လောကရေးရာအဖြာဖြာ ပညာသည်သာ ဦးဆောင်ရာ

Monday, 09 July 2018 10:41 font size decrease font size decrease font size increase font size increase font size

မြန်မာစာပေပညာရှင်ဆရာဇော်ဂျီရေးဖွဲ့သော ညီသစ်ဆင်းကဗျာစုမှ စွမ်းရည်အလှကဗျာတွင် ''ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊ မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်၊ ဘယ်ပညာမှာစွမ်းသနည်း''ဟူ၍ ဖွဲ့ဆိုထားပြီး စွယ်စုံအလှကဗျာတွင် ''ဘယ်ပညာမှာ တော်သနည်း''ဟူ၍လည်းကောင်း၊ လုပ်အားအလှကဗျာတွင် ''ဘယ်အလုပ်ကိုလုပ်မည်နည်း'' ဟူ၍လည်းကောင်း ဖွဲ့ဆိုထားသည်။

ပညာဟူသော ဝေါဟာရကို မြန်မာအဘိဓာန်က အဓိပ္ပာယ် ဖွင့်ဆိုထားသည်မှာ ခွဲခြမ်းသိမြင်နိုင်သော အသိဉာဏ်၊ အတတ်ဟူ၍ အသိပညာနှင့် အတတ်ပညာနှစ်မျိုးကို ပြဆိုထားသည်။ မြန်မာတို့ ယဉ်ကျေးမှုအစဉ်အလာ၌ ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာဟု ဆိုထားကြသည်။ အသိပညာဟူသည် အကြောင်းနှင့်အကျိုး၊ အကောင်းနှင့်အဆိုးတို့ကို ခွဲခြားသိခြင်းဖြစ်ပြီး အတတ်ပညာဟူသည် လက်မှု၊ စက်မှုနှင့် နည်းပညာတို့ကို တတ်ကျွမ်းခြင်းဖြစ်သည်။ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရလောကဓမ္မအတိုင်း ပစ္စည်းဥစ္စာတို့သည် ကုန်ခန်းပျက်စီး သွားတတ်သကဲ့သို့ လူ့ဘဝသည်လည်း မမြဲသည့်သဘောရှိသည်။

အသိပညာ၊ အတတ်ပညာတို့မှာမူ တစ်သက်တာတည်မြဲခြင်းကြောင့် ပညာရွှေအိုးလူမခိုးဟူ၍ မြန်မာမှုနယ်ပယ်တွင်ဆိုထားကြသည်။

ဤသို့ ထူးခြားသော ဂုဏ်အရည်အချင်းနှင့် ပြည့်စုံသည့်ပညာကို အမွေပေးရန် မိဘတို့က သားသမီးများ ငယ်စဉ်မှစ၍ ပညာသင်ယူကြရန် ကျောင်းအပ်နှံကြသည်။ ဆရာ၊ ဆရာမတို့က တပည့်များကို ပညာသင်ပေးကြသည်။ မြန်မာနိုင်ငံ အခြေခံပညာကျောင်းများ၏ စာသင်နှစ်ကို နှစ်စဉ် ဇွန်လမှ မတ်လအထိ သတ်မှတ် သင်ကြားပေးသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်မှစ၍ ခေတ်အဆက်ဆက် ပညာရေးစနစ်ကို မြှင့်တင်ပေးခဲ့ကြရာ ယခုအချိန်တွင် မူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးလျက်ရှိရာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး၊ ကျောင်းအထွက်နှုန်း လျော့နည်းရေး၊ သင်ကြားရေး စွမ်းရည်မြှင့်တင်ရေးနှင့် ပညာရေးပတ်ဝန်းကျင်ကောင်း တည်ဆောက်ရေး တို့ကို နိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီး ဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရနှင့် ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများက စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်နေကြသည်။ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့  တစ်ပြည်လုံးမှ ဝင်ရောက်ဖြေဆိုသူစုစုပေါင်း ၇၈၉၈၅၄ ဦးရှိကြသည့်အနက် စာမေးပွဲအောင်မြင်သူ ၂၅၉၁၉၁ ဦးရှိသဖြင့် အောင်မြင်မှုအနေဖြင့် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိသည်။

မျက်မှောက်ကာလ ၂၁ ရာစုသည် ပညာခေတ်ဖြစ်သဖြင့် ပညာခေတ်ကို အမီလိုက်၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးကို ကမ္ဘာ့နိုင်ငံအသီးသီး၌ ကြိုးပမ်းဖော်ဆောင်နေကြသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို တစ်ပြိုင်တည်း ဖော်ဆောင်လျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးသည် ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။ လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါကြွယ်ဝမှသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးတို့ကို ခေတ်နှင့်အညီ ဖော်ဆောင်နိုင်မည်ဖြစ်သည်။

နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူတို့နှင့်အတူ  တပ်မတော်က တစ်တပ်တစ်အား ဆောင်ရွက်လျက်ရှိသည်။ သင်ကြားရေးကဏ္ဍ အတွက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တပ်မတော်ပညာရေးကျောင်းများနှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ အောင်ချက်အကောင်းဆုံး ရရှိသည့်ကျောင်းများကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ နှစ်စဉ်ပေးအပ်လျက်ရှိပါသည်။ သင်ယူမှုကဏ္ဍအတွက်လည်း နှစ်စဉ်ပေးအပ်လျက် ရှိရာ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများမှ ၆ ဘာသာဂုဏ်ထူးရှင်၊ ၅ ဘာသာဂုဏ်ထူးရှင်၊  ၄ ဘာသာဂုဏ်ထူးရှင်တို့အား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ တို့ကို ပေးအပ်ချီးမြှင့်သည်။

တပ်မတော်ပညာရေးကျောင်းများသည် အခြေခံပညာပြီး ဆုံးအောင်မသင်ယူခဲ့ရသော  တပ်မတော်သားများအား မူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ သင်ယူနိုင်ရန် သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များက ရွေးချယ်စေလွှတ်ပေးသူများသင်ကြားပေးလျက်ရှိရာ နှစ်စဉ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူများ၊ ရိုးရိုးအောင်မြင်သူများ ရှိကြပြီး အဝေးသင်တက္ကသိုလ် ပညာရေးစနစ်ဖြင့် ဘွဲ့တစ်ခုရသည်အထိ သင်ယူသူများ ရှိကြသည်။

လောကရေးရာ အဖြာဖြာတို့တွင် ပညာသည်သာ ဦးဆောင်လျက်ရှိရာ တိုင်းရင်းသားပြည်သူတို့၏ ဆန္ဒဖြစ်သည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် နိုင်ငံသားများ ပညာရည်မြင့်မားရေး၊ နိုင်ငံ့ဝန်ထမ်းများ အရည်အသွေးမြင့်မားရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရန် တပ်မတော်က တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက် ပေးနေသည်ကို မုဒိတာပွားရင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသူများနှင့် ဘက်စုံထူးချွန်ဆုရ လူငယ်များအား မြဝတီက ဂုဏ်ပြုရေးသားလိုက်ရပါသည်။   

Read 22 times Last modified on Monday, 09 July 2018 10:43