SJ WorldNews - шаблон joomla Авто

တစ်ပြည်တစ်ရွာမှ မရေရာသောဘဝများ

Sunday, 08 July 2018 07:37 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သော မြေဧက စုစုပေါင်း ၂၉ သန်းရှိပြီး လူတစ်ဦးလျှင် ပျမ်းမျှ သုည ဒသမ ၈၉ ဧကခန့် လုပ်ကိုင်စားသောက်နိုင်ကြောင်း စိုက်ပျိုးရေး ပညာရှင်တစ်ဦးက တွက်ပြထားသည်။ လူနေမှုစနစ် မြင့်မားလာသည်နှင့်အမျှ ကျေးလက်ဒေသမှ အလုပ်လုပ် နိုင်သော လူငယ်နှင့် လူလတ်ပိုင်းတို့သည် လယ်ယာလုပ်ငန်းခွင်ကို မဝင်ကြဘဲ တစ်နှစ် ပတ်လုံး ဝင်ငွေရရှိနိုင်သည့် ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက် လုပ်ကိုင်ကြသည်။ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရာတွင် တရားဝင်သွား ရောက်ခြင်းနှင့် တရားမဝင်သွားရောက်ခြင်းဟူ၍ ရှိကြသည်။ မည်သည့်နည်းဖြင့် သွားရောက် သည်ဖြစ်စေ အလုပ်အကိုင် အဆင်ပြေသူနှင့် အဆင်မပြေသူဟူ၍ နှစ်မျိုးရှိကြပြန်သည်။

မြန်မာနိုင်ငံမှ အိမ်နီးချင်းထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သူ ရွှေ့ပြောင်း လုပ်သားများအား ထိုင်းအစိုးရက ဇူလိုင် ၂ ရက်တွင် စတင်ဖမ်းဆီးခဲ့ရာ မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား ၇ဝ ဦးနှင့် ဈေးရောင်းသူ ၂ဝ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ ထိုင်းနိုင်ငံဘက်ရှိ သောင်းရင်းမြစ် ကမ်းတစ်လျှောက်မှ စက်ရုံ၊ အလုပ်ရုံများတွင်လုပ်ကိုင် နေကြသော အထောက်အထားမဲ့ မြန်မာအလုပ်သမားများသည် မြန်မာနိုင်ငံဘက်ရှိ မြဝတီမြို့ သို့ရှောင်ပြေးလာကြရာ ဇူလိုင် ၂ ရက် ညနေ ၅ နာရီခွဲအထိ အမျိုးသား ၁၁၅ ဦးနှင့် အမျိုးသမီး ၅၂ ဦး ပြန်လည်ရောက်ရှိလာ ကြသည်။ ပြန်လည်ရောက်ရှိလာကြသူများတွင် မဲဆောက်၌ ဖမ်းဆီးခံရပြီး ပြန်ပို့ခံရသူများလည်း ပါဝင်ကြောင်း သိရသည်။ ဇွန် ၃ ရက် ညနေ ၄ နာရီခွဲတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမား အမျိုးသား ၉၁ ဦးနှင့်အမျိုးသမီး ၂၄ ဦးတို့သည် မြဝတီမြို့ရှိ ပြန်လည်ကြိုဆိုရေး စခန်းသို့ ရောက်ရှိလာကြ သည်။ ပြန်လည်ရောက်ရှိလာသူများ၏ ပြောပြချက်အရ မြန်မာလုပ်သားများ နေထိုင်ရာသို့ ထိုင်းရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကြပြီး စစ်ဆေးရာတွင် ဘတ်ကတ်ရှိသူ၊ CI ရှိသူ၊ ပတ်စ်ပို့ရှိသူ၊ ခြောက်ညအိပ် ခုနစ်ရက် သွားလာနေထိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူများ ကိုမဖမ်းဘဲ အထောက်အထား တစ်စုံတစ်ခုမျှ မရှိသူများကို ဖမ်းဆီး၍ အထောက်အထားအစုံ အလင်ပြန်လုပ်ရန် ပညာပေးပြောကြားပြီး မြဝတီကြိုဆိုရေး စခန်းသို့ ပြန်ပို့ကြောင်း သိရသည်။

အခြားတစ်ဦး၏ ပြောကြားချက်အရ အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို ထောင်ဒဏ်မပေးဘဲ ငွေဒဏ်အဖြစ် ဘတ် ၅ဝဝဝ ပေးဆောင်စေပြီး ပြန်လွှတ်ပေးရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖိဖိစီးစီး ပြောကြားထားသဖြင့် နေရပ်ပြန်စာရင်းတွင် ပါဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား များအား ထိုင်းဘက်မှ တာဝန်ရှိသူများက တာချီလိတ် ချစ်ကြည်ရေး တံတားမှ တစ်ဆင့် မကြာခဏ ပြန်လည်လွှဲပြောင်းပေးသည်များ ရှိကြသည်။

မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ တရားဝင်သွားရောက် လုပ်ကိုင်သူနှင့် တရားမဝင် သွားရောက်လုပ်ကိုင်သူ စုစုပေါင်း ခြောက်သိန်းခန့် ရှိသဖြင့် မလေးရှားနိုင်ငံတွင်ရှိသော ရွှေ့ပြောင်းလုပ်သားများအနက် မြန်မာက ဒုတိယ အများဆုံး ဖြစ်သည်။ မလေးရှားရဲတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များ ဝတ်ဆင်၍ ကားဂိတ်နှင့်ရထား ဘူတာရုံများ၌ စောင့်ဆိုင်းကာ တရားဝင် အထောက်အထားရှိသူရော၊ မရှိသူများပါ ဖမ်းဆီးကြပြီး တရားဝင် အထောက်အထားရှိသူများကို ရဲစခန်းရောက်မှ ပြန်လွှတ်ပေးသည်။

ဇူလိုင် ၄ရက်အထိ မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံထားရသော အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားစာရင်းကို တရားဝင် မကြေညာသေးသော်လည်း လူဦးရေ ၃ဝဝဝ ခန့်တွင်

မြန်မာလုပ်သား လူဦးရေရာ ဂဏန်းရှိမည်ဟု ခန့်မှန်းထားကြသည်။

မလေးရှားနိုင်ငံရောက် နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများသည် ပြစ်မှုအပေါ် မူတည်၍ ထောင်ဒဏ်သုံးလ၊ ခြောက်လနှင့် ကြိမ်ဒဏ်သုံးချက်ကျ ခံရမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားသား ထိန်းသိမ်းရေး စခန်းများတွင် သက်ဆိုင်ရာသံရုံးက လာရောက် ခေါ်ယူချိန်အထိ ထိန်းသိမ်းခံရမည်ဖြစ်ပြီး ငါးနှစ်အတွင်း မလေးရှားနိုင်ငံသို့ ပြန်လည်လာ ရောက်ခွင့်မရှိ ပိတ်ပင်ခံရမည် ဖြစ်သည်။ လုပ်သားစေလွှတ်မည့် နိုင်ငံနှင့် လက်ခံမည့်နိုင်ငံတို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားကြသော မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ ကဲ့သို့ အထောက်အထားမဲ့ လုပ်သားများကို ဖမ်းဆီးပြီး ချက်ချင်းပြန်လွှဲမပေးသဖြင့် မလေးရှား မြန်မာရွှေ့ပြောင်း လုပ်သားတို့အတွက် နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းများ တွင် ကာလကြာရှည် နေရခြင်းဖြစ်သည်ဟု ဆိုကြသည်။

သို့ဖြစ်၍ မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံထားရသော မြန်မာအလုပ်သမားများ သည် ရင်လေးဖွယ်မရေရာမသေချာသော အနေအထားမျိုးနှင့် ကြုံတွေ့နေကြရပေရာ နှစ်နိုင်ငံအစိုးရတို့ ယခင်က ညှိနှိုင်းဖြေရှင်းခဲ့ကြဖူးသည့် အစဉ်အလာအတိုင်း ဆက်လက် ဆောင်ရွက်သင့်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော်လိုက် ရပါသည်။ ။

အယ်ဒီတာ့အာဘော်

Read 26 times Last modified on Sunday, 08 July 2018 08:19