SJ WorldNews - шаблон joomla Авто

စပါးအထွက်နှုန်း တိုးတက်၍ အရည်အသွေး ကောင်းမွန်ရေး

Friday, 06 July 2018 08:19 font size decrease font size decrease font size increase font size increase font size

ဝါဆိုလတွင် မိုးရွာသွန်းမှု များပြားသောကြောင့် ဝါဆိုဝါခေါင်ရေဖောင်ဖောင်ဟု ဆိုကြသည့်အလား တောင်သူလယ်သမားတို့ နေထိုင်ရာ ကျေးလက်ဒေသ မြင်ကွင်းကို ''ရွှေမိုးရွာဆို၊ ကောက်ပင်ပျိုတို့၊ စိမ်းစိုရွှင်လန်း၊ လယ်ပြင်နန်းဝယ်၊ မနွမ်း၏သို့၊ နွမ်း၏သို့''ဟူ၍ ကဗျာဆရာတို့က ဖွဲ့ဆိုထားကြသည်မှာ နေပူမိုးရွာမရှောင် လယ်ယာလုပ်ငန်းခွင် ဝင်၍ ပင်ပင်ပန်းပန်း ထွန်ယက်စိုက်ပျိုးကြရသော်လည်း မြရောင်စိမ်းစိုသော ကောက်ပင်ပျိုတို့ကို မြင်ရသည့်ခဏဝယ် ပင်ပန်းနွမ်းနယ်မှုတို့ကို မေ့ပျောက်သွားကြသော လယ်သမားတို့ စိတ်ခံစားချက်နှင့် သက်မဲ့တို့သဘာဝကို ပေါ်လွင်အောင် စာပန်းချီခြယ်မှုန်းထားခြင်း ဖြစ်သည်။

ဆန်စပါးအဓိက စိုက်ပျိုးသော မြန်မာနိုင်ငံ၌ လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ကျော်ကာလများက မိုးစပါး တစ်သီးသာ စိုက်ပျိုးနိုင်ကြသော်လည်း နောက်ပိုင်းကာလများတွင် ဆည်တမံများ တည်ဆောက်ခြင်းနှင့် မြစ်ရေတင်စီမံကိန်းများ တည်ဆောက်ပေးခြင်းတို့ဖြင့် စိုက်ပျိုးစွမ်းအား မြှင့်တင်ပေးခဲ့ခြင်းကြောင့် နွေစပါးနှင့် မိုးစပါးဟူ၍ နှစ်သီးစားစိုက်ပျိုးနိုင်ပြီဖြစ်သဖြင့် ယခုအချိန်ဝါဆိုလတွင် တောင်သူလယ်သမားတို့သည် နွေစပါးရိတ်သိမ်း၍ မိုးစပါးစတင် စိုက်ပျိုးနေကြသည်။

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ညောင်ဇောက်ကျေးရွာအုပ်စု ရွှေကျောင်းကျေးရွာ ကွင်းအမှတ် (၁၅၂-က)ဦးပိုင်အမှတ် (၁၅/၂)၌ ပျိုးသက်နုကောက်ကွက်ကြဲ စိုက်နည်းစနစ်(SRI)ဖြင့် မနောသုခစပါးမျိုးကို နွေစပါးစံကွက်၌ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် စိုက်ပျိုးခဲ့ရာ ဇွန် ၃ဝ ရက်တွင် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းပြီးဖြစ်သည်။ နွေစပါးစံကွက်၏ စပါးအထွက်နှုန်းမှာ တစ်ဧကလျှင် စပါးအစို ၁၃၃ တင်းထွက်၍ အခြောက်ခံပြီးအထွက်နှုန်းမှာ ၁၂၂ တင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၌    မိုးစပါးစိုက်ပျိုးကြရာတွင် ကျောင်းကုန်း၊ အသုတ်နှင့် ရေကြည်မြို့နယ်မှ ကျေးရွာများသည် ကုန်ကျစရိတ်သက်သာသော ပျိုးကြဲ စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးကြသည်။

စိုက်နည်းစနစ်မှာ စိုက်ခင်းများအတွင်း လယ်ထွန်စက်ဖြင့် တမန်းလုပ်ပြီး စပါးကိုရေစိမ် အစိုဖောက်၍ စိုက်ခင်းအတွင်းသို့ စပါးစေ့များကို ကြဲချလိုက်ခြင်းဖြစ်သဖြင့် ပျိုးပင်နုတ်ခနှင့် စိုက်ခမကုန်ဘဲ ကုန်ကျစရိတ် သက်သာသည်။

စပါးအထွက်နှုန်းမှာ တစ်ဧကလျှင် စပါးတင်း ၅ဝ မှ ၆ဝ ခန့်ထွက်သည်။ စပါးပျိုးခင်းမှ ပျိုးပင်ကိုနုတ်၍ စိုက်ခင်းအတွင်း ပြန်စိုက်သည့်စနစ်၏ စပါးအထွက်နှုန်းမှာ တစ်ဧကလျှင် တင်း ၇ဝ မှ ၈ဝ အထိထွက်သော်လည်း  စရိတ်စက ကုန်ကျမှုကြောင့် ပျိုးကြဲစိုက်ပျိုးခြင်းက လယ်ပိုင်ရှင်များအတွက် အကျိုးအမြတ်ပိုများကြောင်း သိရသည်။ သို့သော် လယ်ပိုင်မရှိသော လယ်လုပ်သားများအတွက် အလုပ်မရှိသဖြင့် စားဝတ်နေရေး အဆင်မပြေကြောင်းလည်း ကြားသိရသည်။

အချို့ဒေသများ၌ မိုးစပါးစိုက်ခင်းများအတွင်း စပါးဖျက်ရွှေခရုများ ကျရောက်သည့် သတင်းကြားသိရသည်မှာ ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့မှ မိုးစပါးစိုက်ခင်းဧက ၁၂ဝ ခန့်တွင် စပါးပင်များကို ဖျက်ဆီးသည့် ရွှေခရုများ ပေါက်ပွားလျက်ရှိသဖြင့်  မြစ်ကြီးနားခရိုင် စိုက်ပျိုးရေးဦးစီးဌာနက ဦးစီး၍ ရွှေခရုနှိမ်နင်းရေး ထုံးပက်ဖျန်းပေးခဲ့သည်။ ယခင် ၂ဝ၁၇ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီက ဝိုင်းမော်မြို့နယ်၌ ဧက ၁ဝဝဝ ခန့်နှင့် မြစ်ကြီးနားမြို့နယ်၌ ဧက ၂ဝဝ ခန့်တို့တွင် ရွှေခရုများ ကျရောက်သဖြင့် ဒေသခံ တောင်သူများနှင့် စိုက်ပျိုးရေး ဝန်ထမ်းများ ပူးပေါင်း၍ ခရုဆေးပက်ဖျန်းခြင်း၊ ထယ်ရေးလှန်ခြင်း၊ လူထုအားနှင့် ခရုကောက်ခြင်းများ ဆောင်ရွက်

ခဲ့ကြရသည်။ ယခုနှစ် ရွှေခရုကြိုတင် ကာကွယ်ရေးလုပ်ငန်းမှာ  စိုက်ပျိုးမြေမပြုပြင်မီ ထုံးပက်ဖျန်း၍ ကြိုတင်ကာကွယ်ခဲ့ရာ ထိရောက်မှုရှိသဖြင့် ယခင်နှစ်များကလို ရွှေခရုများဖျက်ဆီးခြင်းကြောင့် နှစ်ကြိမ်သုံးကြိမ် ပြန်စိုက်ရမည့် အခြေအနေမျိုး ရှိနိုင်တော့မည် မဟုတ်ကြောင်း  ဒေသခံ လယ်သမားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

တောင်သူလယ်သမားများ စိုက်ပျိုးထားသော လယ်ယာမြေများမှ သီးနှံများကို ဖျက်ဆီးတတ်သော သတ္တဝါများတွင် ကြွက်အပါအဝင်ဖြစ်သဖြင့် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)သီးနှံ ကာကွယ်ရေးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး သင်တန်းကို ဇွန် ၂၅ ရက်က ဖွင့်လှစ်ပြီး ကြွက်မျိုးရင်းဝင်များ၏ ထင်ရှားသော လက္ခဏာများ၊  ကြွက်မျိုးရင်းဝင် လေးမျိုး၊ ကြွက်အမျိုးမျိုးနှင့် ကာကွယ်နှိမ်နင်းနည်းတို့ကို ဟောပြောပို့ချပေးခဲ့ကြသဖြင့် သင်တန်းတက်ရောက်လာသော တောင်သူများအတွက် အကျိုးရှိမည်ဖြစ်သည်။

သို့ဖြစ်၍ စပါးစိုက်တောင်သူများအတွက် တစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ စပါးအရည်အသွေး ကောင်းမွန်ရေးတို့သည် မျိုးကောင်းမျိုးသန့်နှင့်  သိပ္ပံနည်းကျ ခေတ်မီစိုက်ပျိုး နည်းစနစ်တို့အပြင် သွင်းအားစုများ အချိန်မီ ရရှိရေး၊   စပါးဖျက်ပိုး မကျရောက်ရန် ကြိုတင်ကာကွယ်ရေး နည်းစနစ်တို့ကိုပါ  တောင်သူများထံ အရောက်ဖြန့်ဝေပေးရန် လိုအပ်မည်ဖြစ်ကြောင်း မြဝတီက သုံးသပ်ရပါသည်။       

Read 26 times Last modified on Friday, 06 July 2018 08:20