SJ WorldNews - шаблон joomla Авто

အတွေးမှား အပြေးမှား အရွေးမှား မဖြစ်ကြစေဖို့

Thursday, 05 July 2018 08:15 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ရှိ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအရာရှိ တစ်ဦးသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်သော တရားခံများကို ရှာဖွေစဉ်  ၎င်း၏လက်၌ အပ်စူးသောဒဏ်ရာ ရရှိသွားသဖြင့် HIV ရောဂါကူးပြီ အထင်ရောက်ပြီး ဆေးခန်းသို့ ဆေးသွားစစ်သည်။ ဆေးခန်းမှ ဆရာဝန်က ချက်ချင်းစစ်လို့မရကြောင်းသာ ပြော၍ ဆေးစစ်မပေးသဖြင့် သံသယစိတ်ပိုဝင်လာပြီး ဇူလိုင် ၂ ရက်နံနက် ၁၁ နာရီခန့်တွင် နေအိမ်၌ မိမိကိုယ်မိမိ သေနတ်ဖြင့် အဆုံးစီရင်လိုက်ကြောင်း ဇူလိုင် ၃ ရက်တွင် ထုတ်ဝေသော ပုဂ္ဂလိကသတင်းစာတွင် ဖော်ပြထားသည်။ သေဆုံးသူရဲအရာရှိသည် လူမှုရေး ပြဿနာမရှိ၊စီးပွားရေးပြဿနာမရှိ၊ HIV လည်းမရှိသူဖြစ်သည်။ အခင်းဖြစ်ချိန်တွင် ၎င်း၏ဇနီးက မီးဖိုချောင်တွင် ဟင်းချက်နေစဉ် အိမ်ရှေ့တွင် မိမိကိုယ်မိမိ အဆုံးစီရင်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။ ရခဲသောလူ့ဘဝကို အချိန်စော၍ စွန့်ခွာသွားခြင်းသည် အတွေးမှားကြောင့် ဆုံးဖြတ်ချက်မှား၍ မပြုသင့်သည်ကို ပြုမိခြင်းဖြစ်သည်။ ကျန်ရစ်သူဇနီးသည်မှာ ဘဝတာလက်တွဲဖော်အဖြစ် ရင်ထဲမှနှောင်ကြိုးမျှင်ကို ထပ်တိုးလို့ ချည်နှောင်ခွင့် မရရှာတော့ဘဲ သား၊ သမီးနှစ်ဦးအတွက် ရှေ့ရေးကိုသာ မျှော်တွေးပူရပေတော့မည်။

သောကဟူသည် အရွယ်မရွေးရှိတတ်ကြရာ လူငယ်များအတွက် ရင်လေးဖွယ်ရာများလည်း တွေ့ရသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ပညာသင်ယူနေကြသော အသက် ၁၅ နှစ်အရွယ် နဝမတန်း ကျောင်းသူလေးဦးတို့သည် ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေအိမ်မှ ပျောက်ဆုံးသွားကြသဖြင့် မိဘအုပ်ထိန်းသူများက နယ်မြေရဲစခန်းသို့ ညနေ ၄ နာရီတွင် လာရောက် အမှုဖွင့်တိုင်ကြားသည်။ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေကြရာ   အဆိုပါ ကျောင်းသူလေးဦးသည်မန္တလေးသို့ ရထားခရီးစဉ်ဖြင့် လိုက်ပါသွားနိုင်ကြောင်း သိရသဖြင့် မန္တလေး ရထားရဲတပ်ဖွဲ့သို့ဆက်သွယ်၍လိုအပ်သော သတင်းအချက်အလက်များ ပို့ပေးလိုက်သည်။ ရရှိသော သတင်းအချက်အလက်များအရ မန္တလေး ရထားရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်ရာ ဇွန် ၂၈ ရက် နံနက် ၁၁ နာရီတွင် မြစ်ကြီးနား-မန္တလေး ရထားဖြင့်လိုက်ပါလာကြသော ကျောင်းသူလေးဦးကို တွေ့ရှိထိန်းသိမ်းထားပြီး  မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးထံ ဆက်သွယ်အကြောင်းကြားပေးသည်။ မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးက မိဘ အုပ်ထိန်းသူများအား ဆက်သွယ်၍ ကျောင်းသူလေးဦးအား ပြန်လည်ခေါ်ယူရန် ဆောင်ရွက်ပေးပြီး  ဇွန် ၃ဝ ရက်တွင် မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးလိုက်ကြောင်းသိရသည်။ မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် နယ်မြေရဲတပ်ဖွဲ့စခန်းမှူးတို့က ဖြစ်လေ့ဖြစ်ထရှိသော လူမှောင်ခို၊ လူကုန်ကူးမှုဖြစ်ပွားသည့် အခြေအနေများအား ရှင်းလင်း ပြောကြားကြသည်ကို မိဘအုပ်ထိန်းသူများနှင့် ကျောင်းသူလေးများ ကြားသိကြပြီးဖြစ်သည်။ ရက်၊ လ၊ နာရီတည်းဟူသော ကာလယန္တရားကြီးက မည်သို့ပင် ပြောင်းလဲစေကာမူ ပြောင်းလည်းမပြောင်း၊ ဟောင်းလည်းမဟောင်းသည်မှာ မိဘမေတ္တာဖြစ်သည်ကို ခေတ်လူငယ်များ မှတ်သားကြစေလိုသည်။ မိဘအရိပ်ထက် အေးမြသော အရိပ်သည် ဘုရားရိပ်၊ တရားရိပ်သာရှိသည်ကို ကြားဖူးကြပြီးဖြစ်သည်။

ဒစ်ဂျစ်တယ်ဆက်သွယ်ရေး နည်းပညာထွန်းကားသော ခေတ်တွင် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံခင်မင်ရင်းနှီးမှုက ဆန်းပြားသည်ဟု ဆိုရပေတော့မည်။ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တွင် နေထိုင်သော ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးသည် ၂ဝ၁၅ ခုနှစ်နိုဝင်ဘာမှစ၍ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ်တွင် နေထိုင်သော အမျိုးသားတစ်ဦးနှင့် လူမှုကွန်ရက်မှတစ်ဆင့် ရင်းနှီးရာမှ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ဦးစီးအရာရှိရှေ့မှောက်တွင် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး ပေါင်းသင်း နေထိုင်ကြသည်။

ထိုအမျိုးသားက မိမိဒေသတွင် အလုပ်လုပ်မည်ပြောပြီး ပြန်သွားသည့်နောက် လအနည်းငယ်ကြာသည့်အခါ အမျိုးသမီးက ၎င်း၏မိခင်အား ၎င်းအမျိုးသား နေထိုင်သည့် လိပ်စာသို့ သွားရောက်စုံစမ်းစေခဲ့ရာ မိန်းမနှင့်သားသမီး နှစ်ဦးရှိကြောင်း သိခဲ့ရသည်။ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးသည် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)တွင် ၂ဝ၁၈ ခုနှစ် မတ် ၂၈ ရက်ကသမီးမိန်းကလေး မွေးဖွားသည့်တိုင်အောင် သက်ဆိုင်သူက မည်သို့မျှ မဆက်သွယ်သဖြင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရ အရေးယူပေးပါရန် အမှုဖွင့်ထားကြောင်းသိရသောကြောင့် အရွေးမမှားစေရန် အလေးထားကြဖို့လိုသည်။

သို့ဖြစ်၍ ရှုပ်ထွေးသော လောကကြီးတွင် အရှုပ်ထဲမှာ ရှင်းအောင်နေရန် ပညာရှိ သူတော်ကောင်းများ ဆုံးမသွန်သင်ထားကြရာ အတွေးမှား၊ အပြေးမှား၊ အရွေးမှား မဖြစ်ကြစေခြင်းငှာ ယခုရက်ပိုင်းအတွင်း ကြားသိရသမျှ သင်ခန်းစာ ယူနိုင်ရန် မြဝတီက ထုတ်နုတ်ဖော်ပြ လိုက်ရပါသည်။     

Read 36 times Last modified on Thursday, 05 July 2018 08:16