SJ WorldNews - шаблон joomla Авто

ရာသီမေထုန် လနယုန် မိုးလေရှိန်ဟုန်ပြင်းသည်နှင့်

Thursday, 17 May 2018 09:09 font size decrease font size decrease font size increase font size increase font size

မေထုန်ရာသီ  နယုန်လကူးပြောင်းသည်နှင့်  တိမ်နီတိမ်ပန်းတို့ လန်းဆန်းသည့်  မိုးကောင်းကင်ဝယ် ရောင်စုံခြယ်သည့်အလား တွေ့ရပြီး မုတ်သုံအကြိုမိုးက ဖွဲလိုက်စဲလိုက် ရှိနေချိန်တွင် မိုးနှင့်အတူ လေပြင်းတိုက်ခတ်မှုတို့ကြောင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်နှင့် နတ်တလင်းမြို့နယ်တို့၌ မေ ၁၃ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်စဉ် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များ အမိုးလန် ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ဇီးကုန်းမြို့ အမှတ်(၃)ရပ်ကွက် ကံသာလမ်းရှိ လူနေအိမ် ၁၄ လုံး အမိုးလန်သွားပြီး လူနေအိမ်နှစ်လုံးနှင့် လျှပ်စစ်ဓာတ်တိုင် ၁၂ တိုင် ပြိုလဲသွားသည်။ အမှတ်(၄)ရပ်ကွက်၌ လူနေအိမ် ၂၈ လုံး အမိုးလန်သွားပြီး လူနေအိမ်နှစ်လုံးနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းပြိုလဲသွားသည်။ သပြေစိန် ကျေးရွာအုပ်စု သပြေစမ်း ကျေးရွာ၌ လူနေအိမ်သုံးလုံး၊ သာလိကာ ကျေးရွာ၌ လူနေအိမ်နှစ်လုံး၊ ကန္တာလီ ကျေးရွာအုပ်စု ကန္တာလီကျေးရွာ၌ လူနေအိမ် နှစ်လုံးနှင့် ကြက်ခြံနှစ်ခြံတို့ အမိုးလန် ပျက်စီးသွားသည်။ တောင်ပို့သာကျေးရွာအုပ်စု ပေါက်ပင်ဆိပ်ကျေးရွာနှင့် တောင်ပို့သာ ကျေးရွာတို့၌ လူနေအိမ်တစ်လုံးစီ၊ သာပေါင်းကျေးရွာအုပ်စု ကံညီကိုကျေးရွာ၌ လူနေအိမ် သုံးလုံး၊ ကဇင်းကြီးကျေးရွာ၌ လူနေအိမ်နှစ်လုံး၊ လေးမျက်နှာ ကျေးရွာအုပ်စု ရေသိုးကျေးရွာ၌ လူနေအိမ်တစ်လုံး၊ တယ်ပင်ကန်ကျေးရွာအုပ်စု နဂျီချောင်းကျေးရွာ၌ လူနေအိမ်နှစ်လုံးနှင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ တယ်ပင်ကန်ကျေးရွာ၌ လူနေအိမ်နှစ်လုံးတို့ အမိုးလန် ပျက်စီးသွားသည်။

ထို့အတူ နတ်တလင်းမြို့နယ် ပျဉ်းမကုန်း ကျေးရွာအုပ်စု လယ်တာငယ်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်လေးလုံး အမိုးလန် ပျက်စီးသွားပြီး တစ်လုံးမှာ သစ်ပင်လဲကျမှုကြောင့် ပြိုကျပျက်စီးသွားသည်။ ဇီးကုန်းမြို့နယ်နှင့် နတ်တလင်းမြို့နယ်တို့ အတွင်းမှ လေဘေးသင့်ပြည်သူများအား ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများ သွားရောက်ကြည့်ရှုပြီး ယာယီ နေထိုင်နိုင်ရေးအတွက် လိုအပ်သော အကူအညီများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်  မတူပီမြို့၌ မေ ၁ဝ ရက်နှင့် ၁၁ ရက်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လောင်ဗန်းရပ်ကွက်ရှိ လမ်းဘေးရေမြောင်းများအတွင်း မြေများပြိုကျ၍ ရေမြောင်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး လမ်းများပေါ် ရွှံ့ညွန်များ တင်ကျန်ခြင်း၊ ဆာခေါင်းလမ်းနှင့် တောင်ဇခုပ်လမ်းတို့ကို ဆက်သွယ်ထားသည့်လမ်းသွယ် ရေတိုက်စား၍ မြေပြိုကျ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မေ ၁၂ ရက်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် မတူပီတပ်နယ်မှ တပ်မတော်သားများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် အတူ ရေမြောင်းအတွင်း ပိတ်ဆို့နေသည့်မြေသားများအား ရှင်းလင်းဖယ်ရှားခြင်း၊  ရေတိုက်စားပျက်စီးမှု ဖြစ်ပေါ်နေသည့် လမ်းသွယ်အား ကျောက်ခဲများ၊ သဲအိတ်များနှင့်  မြေသားများဖြင့် ပြန်လည်အစားထိုး ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၁ အုပ်စုမှ လေဘေးသင့် အိမ်ထောင်စု ၂၄ စုတို့အား အမိုးလန် ပျက်စီးသွားသော နေအိမ်များ ပြန်လည် တည်ဆောက်ရေးအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို ကသာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက မေ ၁၂ ရက်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးတွင်းကာလတွင် မိုးသက်လေပြင်းနှင့်အတူ အန္တရာယ်ဖြစ်စေနိုင်သော အခြားအကြောင်း တစ်ခုမှာ မိုးကြိုးအန္တရာယ်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် အတွင်း မလှိုင်-မိတ္ထီလာသွား ကားလမ်းဘေး မိုင်တိုင်အမှတ်(၁၇/၂)နှင့် (၁၇/၃)အကြား ကျောက်ဖူးကျေးရွာ ကားဂိတ်၌ မေ ၁၃ ရက် ည ၈ နာရီခွဲတွင် မိုးသက်လေပြင်း ကျရောက်စဉ် မိုးကြိုးပစ်ခံရသဖြင့် လူနှစ်ဦး သေဆုံးသွားသည်ကို မလှိုင်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၁/၂ဝ၁၈)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

သို့ဖြစ်၍ ရာသီမေထုန် လနယုန် မိုးလေရှိန်ဟုန်ပြင်းသည်နှင့် လူနေ အဆောက်အအုံများ ပြိုကျခြင်း၊ သစ်ပင်များပြိုလဲခြင်းနှင့် လျှပ်စစ်ဓာတ်တိုင်များ ပြိုလဲခြင်း၊ လျှပ်စစ်ဓာတ်ကြိုးများ ပြတ်ကျခြင်းတို့သည် လည်းကောင်း၊ မိုးသက်လေပြင်းနှင့် အတူ ဖြစ်ပေါ်တတ်သော မိုးကြိုးသည်လည်းကောင်း လူတို့အား နေရာဒေသ၊ အချိန်ကာလမရွေး အန္တရာယ် ပေးနိုင်ခြင်းကြောင့် မိုးလေဝသ သတင်းများကို စောင့်ကြည့်နားထောင်၍ သတိဝီရိယ စိုက်ထုတ်ကြရန်ဖြစ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။   

Read 86 times Last modified on Thursday, 17 May 2018 09:10