SJ WorldNews - шаблон joomla Авто

အာဆီယံပြည်သူများ ဘဝမြင့်မားရေး အဆင့်သုံးဆင့် ကြိုးပမ်းပေး

Monday, 12 March 2018 09:28 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်က ကျင့်သုံးလျက်ရှိသော နိုင်ငံခြားရေးဝါဒသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်။  ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်ဟူ၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်   ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)၏ အခန်း(၁) နိုင်ငံတော် အခြေခံမူများ ဆိုင်ရာပုဒ်မ ၄၁ ၌ ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးလျက် ကမ္ဘာ့နိုင်ငံများနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးတွင် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးကို အလေးထားကျင့်သုံးပြီး မည်သည့်နိုင်ငံနှင့်မဆို ချစ်စကိုရှည်၍ မုန်းစကိုတိုစေသည့် မြန်မာ့ဓလေ့စရိုက်ကို လည်းကောင်း၊ မည်သူတရားပျက်ပျက် မိမိမပျက်သော စိတ်ရင်းစေတနာကို လည်းကောင်း စောင့်ထိန်းလျက်ရှိခြင်းကြောင့် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိရှိ ရပ်တည်လျက်ရှိသည်။ မြန်မာနိုင်ငံ တည်နေရာ၏ ထူးခြားသော ပထဝီအနေအထားအရ အရှေ့တောင်အာရှနှင့် တောင်အာရှဒေသရှိ နိုင်ငံများကို ဆက်သွယ်ပေးသည့် အချက်အချာကျသော နေရာတွင် တည်ရှိသဖြင့် အရှေ့တောင် အာရှနိုင်ငံများ အသင်းသို့ ဝင်ရောက်ရန် အဆိုပြုခဲ့ရာ ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် တင်းပြည့်အဖွဲ့ဝင်နိုင်ငံ အဖြစ်ရောက်ခဲ့ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာ ပါဝင်လျက်ရှိသည့်အပြင် တောင်အာရှနိုင်ငံများနှင့်လည်း အလားတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

(၁၅)ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ    အလွတ်သဘော အစည်းအဝေး (15th ACDFIM)ကို စင်ကာပူနိုင်ငံရှိ The Fullerton ဟိုတယ်၌ မတ် ၈ ရက်က ကျင်းပရာ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ''အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်းဖြင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေး''ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆွေးနွေးရာ၌ ''အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေး ဆိုသည်မှာ သက်ဆိုင်ရာ နိုင်ငံတစ်နိုင်ငံတည်းသော် လည်းကောင်း၊ နိုင်ငံချင်းသော် လည်းကောင်း၊ နိုင်ငံအများအပြား ကြားတွင်သော် လည်းကောင်း စစ်ရေးအရ တင်းမာမှုများကို လျှော့ချနိုင်ရေးအတွက် လုပ်ဆောင်ရသည့် လှုပ်ရှားမှုများနှင့် လုပ်ငန်းအဆင့်ဆင့်များ ဖြစ်ပါကြောင်း၊ လက်တွေ့အားဖြင့်လည်း နိုင်ငံများ အချင်းချင်းကြားတွင် နိုင်ငံအလိုက် လုပ်ကိုင်ဆောင်ရွက်ပုံ နည်းလမ်းများကို ကြိုတင်တွက်ဆကာ ပြင်ဆင်ဆောင်ရွက်ရပါကြောင်း၊   ကမ္ဘာပေါ်တွင်  အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးနှင့် ပတ်သက်၍   အောင်မြင်စွာ ဆောင်ရွက်နေသည့်ပုံစံများ ရှိနေသော်လည်း ကူးလူးဆက်ဆံ ဆောင်ရွက်ခြင်း (Communication)၊ အကန့်အသတ်ဖြင့် ဆောင်ရွက်ခြင်း (Constraint)၊   ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခြင်း (Transparency)၊ အတည်ပြုဆောင်ရွက်ခြင်း(Verification) စသည်ဖြင့် ယေဘုယျအားဖြင့် အဓိပ္ပာယ်ကြီး(၄)ရပ်သာ ရှိပါကြောင်း၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းအားဖြင့် ပိုမိုနားလည်မှုရှိသည့် သဘောတူညီချက်များ ရရှိနိုင်ရေးအတွက် ရှေ့ပြေးအထောက်အပံ့ ဖြစ်စေနိုင်သည့်အပြင် ယုံကြည်မှုများကို တိုးတက်ခိုင်မာစေခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုနည်းလမ်းတကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် အတွက်လည်း အထောက်အကူ ဖြစ်စေပါကြောင်း၊ ထို့ပြင် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်နိုင်ခြင်းသည်လည်း စစ်ရေးအရ တင်းမာမှုများ ဖြစ်နိုင်မှုကိုလျှော့ချရန် အလွန်အရေးပါကြောင်း'' အလေးအနက် ထည့်သွင်း ပြောကြားသည်။

အာဆီယံဒေသတွင်း ဖွံ့ဖြိုးရေးအတွက် လိုအပ်သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တည်ဆောက်ကြရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာ၌ ''အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်း နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို   အောင်မြင်စွာ ဖြေရှင်းနိုင်ရန်အတွက်   မိမိတို့အနေဖြင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးအပြင် ကြိုတင်ကာကွယ်နိုင်စွမ်းသော သံခင်းတမန်ခင်းအား ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဆိုပါနှစ်ချက်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှသာ   ပဋိပက္ခများအား ဖြေရှင်းခြင်းကို  ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊   ထိုသို့ အဆင့်သုံးဆင့်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါက အာဆီယံဒေသအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း'' ပြောကြားသည်။

ယနေ့ ကမ္ဘာ့နိုင်ငံများသည် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအပြင် စိန်ခေါ်မှုပုံစံ အသစ်များဖြစ်သည့် နည်းပညာဆိုင်ရာ လုံခြုံရေးပြဿနာ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုများမှ တစ်ဆင့် အကြမ်းဖက် လုပ်ဆောင်မှုပြဿနာတို့နှင့် ကြုံတွေ့နေကြရသည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ တပ်မတော်များသည် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အဘက်ဘက်မှ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြရာ မြန်မာနိုင်ငံအနေဖြင့် ကောင်းမွန်သော ရလဒ်များ ပေါ်ထွက်လာစေရေး ကြိုးပမ်းအားထုတ်လျက်ရှိသည်။

သို့ဖြစ်၍   အာဆီယံဒေသတွင်း    တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် သန်းပေါင်း ၆၃ဝ ခန့်ရှိသော ပြည်သူများငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် အဆင့်သုံးဆင့်ဖြစ်သည့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေး၊ သံခင်းတမန်ခင်းဖွံ့ဖြိုးတိုးတက်ရေး၊ ပဋိပက္ခများ ဖြေရှင်းရေးတို့ကို အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးတို့အနေဖြင့် မမှိတ်မသုန် စဉ်ဆက်မပြတ် အားထုတ်ကြပါရန် မြဝတီက ထပ်လောင်း၍ ပန်ကြားလိုက်ရပါသည်။  

Read 209 times Last modified on Monday, 12 March 2018 09:30