SJ WorldNews - шаблон joomla Авто

ဆိုရိုးစကား အလေးထား အမှား မပြုစေရာ

Wednesday, 10 January 2018 09:12 font size decrease font size decrease font size increase font size increase font size

မြန်မာမှုနယ်ပယ်၌ လူတို့အတွက်ဆောင်ရန်၊ ရှောင်ရန်တို့ကို မှတ်သားလိုက်နာကြရန် ဆိုရိုးစကားများစွာ ရှိသည့်အနက် ဓားကိုဖျက်ဝါးမျက်၊ ရှင်ကိုဖျက်ဓဇက်၊ လူကိုဖျက်အရက်ဟူသော ဆုံးမစကားပါဝင်သည်။

ဝါးပင်တို့သည် အမြစ်ဆုံမှစ၍ အပင်များပွားပြီး တစုတစည်းတည်း ပေါက်ကြသည်။ ဝါးပင်တို့သည် တစ်ဖြောင့်တည်း ရှိကြသော်ငြား အဆစ်ရှိသော နေရာများတွင် အဖုအထစ်လေးများနှင့် အတက်ငယ်လေးများရှိကြသည်။ ဝါးလုံးကိုချောမွေ့အောင် ထိုအဖုအထစ် အတက်ငယ်လေးများကို ဓားဖြင့်ဖယ်ထုတ်သည့်အခါ သံမကောင်းသောဓား သို့မဟုတ် သွေးမထားသောဓား ဖြစ်နေသော် ဓားသွားပဲ့သွားသည်ကို ရည်ညွှန်း၍ ဓားကိုဖျက် ဝါးမျက်ဟူသော ဆိုရိုးစကား ပြောကြခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာတို့ အမြဲရွတ်ဆိုနေကျ ပရိတ်ကြီး ၁၁ သုတ်မှ အမှတ်စဉ်(၇)၌ ယဿာနုဿရဏေနာပိ အစချီ၍ လောမဟံသောနဟေဿတိ အဆုံးရှိသော ဓဇဂ္ဂသုတ်ကို သိကြပြီးဖြစ်သည်။ သာမဏေတို့ သာသနာ့ဘောင်သို့ စတင်ဝင်ရောက်သည်နှင့် ပရိတ်ကြီး ၁၁ သုတ်ကို  အာဂုံဆောင် ကျက်မှတ်ကြရာတွင် ဘုရား၊ တရား၊ သံဃာတည်း ဟူသော ရတနာသုံးပါးကို အစဉ်အမြဲနှလုံးသွင်းရုံမျှဖြင့် ကြောက်ရွံ့တုန်လှုပ်ခြင်း ဘေးကင်းဝေးစေသည့် အာနုဘော်ရှိသော ဓဇဂ္ဂသုတ်သည် ကျက်မှတ်ရခက်ခြင်းကြောင့် သာမဏေတို့ စိတ်ပျက်ကြရသည်ကို ရည်ညွှန်း၍ ရှင်ကိုဖျက်ဓဇက်ဟု ဆိုထားခြင်းဖြစ်သည်။

လူကိုဖျက်အရက်ဟူသော ဆိုရိုးစကားကို အားလုံးကြားသိ တွေ့မြင်ကြပြီးဖြစ်သည်။ ဂေါတမမြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်များ၌ လည်းကောင်း၊ သမိုင်းဖြစ်စဉ်များ၌ လည်းကောင်း၊ မျက်မှောက်ကာလ ဖြစ်စဉ်များ၌ လည်းကောင်း အရက်ကြောင့် အသက်ဆုံးရှုံး သွားကြရသူများနှင့် အသက်မသေသည့် တိုင်အောင် ဘဝပျက်သွားကြရသူများ ရှိကြောင်း ကြားသိတွေ့မြင်ကြရသည်။ အရက်၏ ဆိုးကျိုးကြောင့် တစ်သက်တာ နစ်မွန်းသွားကြရသူများရှိသကဲ့သို့ အချိန်မီ ပြုပြင်လိုက်နိုင်သဖြင့် ဘဝလမ်းကြောင်း ကောင်းသွားကြသူများလည်း ရှိကြသည်။ အရက်စွဲဝေဒနာ ခံစားနေရသူများက မိမိကိုယ်မိမိ သေကြောင်းကြံစည်၍ ဘဝနိဂုံးချုပ်သွားသည့် သတင်းနှင့် မိသားစုကိုပါ အသက်အန္တရာယ် ပြုသည့်သတင်းများ မကြာခဏ တွေ့ရတတ်သည်မှာ သံဝေဂရဖွယ်ဖြစ်သည်။

အရက်ဟူသောဝေါဟာရကို မြန်မာအဘိဓာန်က အဓိပ္ပာယ်ဖွင့်ဆိုရာ၌ ကောက်ညှင်းဆန်၊ ထန်းလျက်စသည်ကို အချဉ်ဖောက်ပြီး ချက်ထားသော မူးယစ်စေတတ်သည့် အရည် (အာရဗီ၊ မေေါ) ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ တစ်ဖန် ဆရာကြီး ဦးသုခမှတ်စု၌ သူရာငါးပါးကို ပြဆိုထားသည်မှာ မုန့်ညက်ကိုရေဖြင့် နယ်၍ပြုထားသော အရည်၊ မုန့်များကို အိုးခွက်၌ထည့်ထားပြီးလျှင် ရေဖြင့်နယ်၍ထားသော အရက်၊ ထမင်းကိုအိုးခွက်၌ ထည့်ပြီးလျှင် ရေဖြင့်နယ်၍ ပြုလုပ်သောအရက်၊ သေရည်ကိုဖြစ်စေသည့် မျိုးစေ့နှင့် မုန့်ရည်တို့ကို ထည့်၍ပြုထားသော အရည်၊ ဇာတိပ္ဖိုလ်၊ မုန်ညင်းအစရှိသည့် အထူးထူးသော အသီးတို့နှင့် ယှဉ်စပ်၍ ပြုထားသောအရည်ဟူ၍ အသီးသီး ဖော်ပြထားသည်။ သေရည်သေရက် သောက်စားခြင်းအပြစ်ခြောက်ပါးကို ဖော်ပြရာ၌  ဥစ္စာ ကုန်ခန်းခြင်း၊  ခိုက်ရန်ဖြစ်ပွားတတ်ခြင်း၊ ရောဂါအန္တရာယ် ဖြစ်ပေါ်နိုင်ခြင်း၊ ဂုဏ်သတင်း ပျက်စီးခြင်း၊ ကိုယ်လက်အင်္ဂါ မလုံသဖြင့် အရှက်ရတတ်ခြင်း၊  ပညာနည်းပါးခြင်းဟူသော  ဆိုးကျိုးများရှိကြောင်း ထောက်ပြထားသည်။

ယခုကွယ်လွန်သွားပြီဖြစ်သော ဂန္ထဝင်စာပေပညာရှင်ကြီး ရေးထားသည့်စာတွင် တွေ့ရဖူးသည်ကို တင်ပြရသော် ဆရာကြီး၏အဘိုးဖြစ်သူက ယောက်ျားဆိုသည်မှာ စုံမှကောင်းသကွဲ့ဟု ပြောဖူးသဖြင့် ဟိုနည်းနည်းဒီနည်းနည်း စမ်းသပ်ကြည့်ရာမှ စိတ်နောက်ကိုယ်ပါ အလွန်အကျွံဖြစ်သွားသည်များ ကြုံရကြောင်း ဖော်ပြထားပြီး တန်ဆေးလွန်ဘေး ဆိုရိုးစကားကို အလေးထားရန် သတိပေးထားသည်။

အရက်ဆိုသော အဖျော်ယမကာသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ပေါ်ပေါက်ခဲ့သဖြင့် ခေတ်ပေါ်မဟုတ်ပေ။ လူတို့ယဉ်ကျေးမှု ထွန်းကားလာသည်နှင့်အမျှ အဖျော်ယမကာ ထုတ်လုပ် သည့်နည်းစနစ်များ  လိုက်ပါတိုးတက် ပြောင်းလဲလာပြီး အနံ့အရသာ အမျိုးမျိုး၊ တံဆိပ်အမျိုးမျိုးဖြင့် ထုတ်လုပ်ရောင်းချလာကြရာ ခေတ်မီလူမှုဆက်ဆံရေး ကြားခံပစ္စည်းအဖြစ် အသုံး တွင်ကျယ်လျက်ရှိသည်။

လောကလူသားတို့ အမှားမကင်းကြောင်းကို ပွဲမင်းလည်းငွေမှား၊ ဆေးသမားလည်း သားသေ၊ ဗေဒင်သမားလည်း နွားပျောက်ဟု ကျည်းကန်ရှင်ကြီးက ဆိုထားခဲ့လေရာ လူကိုဖျက် အရက် ဆိုရိုးစကားကိုမူ အလေးအနက် ခံယူရှောင်ကြဉ်ကြသော် မိမိနှင့်မိသားစုအတွက် ဒိဋ္ဌကောင်းကျိုးရနိုင်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။   

Read 313 times Last modified on Wednesday, 10 January 2018 09:13