SJ WorldNews - шаблон joomla Авто

အသက်ရှည်ကျန်းမာစွာ သက်တမ်းစေ့နေနိုင်ရေး

Monday, 08 January 2018 09:56 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ နွေ၊ မိုး၊ ဆောင်းဥတုသုံးလီတွင် မိုးတွင်းကာလ အနောက်တောင် မုတ်သုံလေသည် ၂ဝ၁၇ ခုနှစ် စက်တင်ဘာလမှစ၍ မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းနှင့် အလယ်ပိုင်းဒေသများမှ ဆုတ်ခွာသွားပြီး အောက်တိုဘာ ပထမရက်သတ္တပတ်တွင် မြစ်ဝကျွန်းပေါ်ဒေသမှ ဆုတ်ခွာ၍ ဒုတိယရက်သတ္တပတ်၌ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသမှ ဆုတ်ခွာသွားသည်။

မုတ်သုံဆုတ်ခွာသွားသည်နှင့် ''ဆောင်းလရက်လျှင် ရာသီဝင်က၊ လျှံထင်ဝင်းဝါ၊ သူရိယာလျှင်၊ တောင်ညာအနား၊ လှည့်၍သွားသော်၊ နေ့အားကနည်း၊ ညဥ့်အားသည်းသည်၊ ခရီးရှည်ခဲ့၊ ဆီးရည်ကျရွှမ်း၊ တောတောင်မွမ်းမျှ၊ အလွမ်းဝေဝေ၊ လေလည်းဖြည်းညင်း၊ ရင်တွင်းမြမြ၊ ချမ်းလကလျှင်''  ဟူသော နဝဒေးကြီး၏ စစ်ရတုထံတျာတေးနှင့်အညီ ဒီဇင်ဘာလတွင် ဆောင်းလေအေးအေး နှင်းဖွေးဖွေး တို့ကြောင့် ဒီဇင်ဘာတွင် အအေးပိုခဲ့သည်မှာ ယခုဇန်နဝါရီလ ပထမရက်သတ္တပတ်အထိ နံနက်စောစော အချိန်များတွင် နေရောင်ကို ကောင်းစွာမမြင်ရသည်များ တွေ့နေရပေသည်။

နှစ်စဉ်ဒီဇင်ဘာ အားကစားလ တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်တိုင်း၌ လူထုလမ်းလျှောက် အားကစားပွဲများ ဆင်နွှဲကြသည်။ ကျန်းမာသန်စွမ်းရေးအတွက် ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်ရန် အခြေအနေ မပေးသူများအတွက် တစ်နေ့လျှင် မိနစ် ၃ဝ မှ တစ်နာရီခန့်နေ့စဉ်ပုံမှန် လမ်းလျှောက်ခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်စေကြောင်း သုတေသီများက တိုက်တွန်းကြသည်။ လမ်းလျှောက်နေစဉ် အသက်ပြင်းပြင်း ရှူရသည့်အတွက် အဆုတ်၏ လုပ်ဆောင်ချက် ပိုမိုကောင်းမွန်စေပြီး စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်သည်။ခန္ဓာကိုယ် လှုပ်ရှားမှုတိုင်းတွင် အပြင်ကြွက်သား များက  အရိုးများကို ဆွဲတင်လိုက်ခြင်းကြောင့် အရိုးများ ပိုမိုသန်မာစေသည်။ ခန္ဓာကိုယ် လှုပ်ရှားမှုကြောင့် ဇီဝဖြစ်စဉ်များ လည်ပတ်မှု အားကောင်းစေသဖြင့် နှလုံးရောဂါနှင့် ကင်ဆာရော ဂါဖြစ်နိုင်ခြေတို့ နည်းပါးစေနိုင်ခြင်း၊ အဝလွန်နေသူများ ခန္ဓာကိုယ်အလေးချိန် လျော့စေနိုင်ခြင်း စသည့် ကျန်းမာရေးသုခတို့ကို ရရှိစေနိုင်သည်။

တစ်နေ့လျှင် မိနစ် ၃ဝ သို့မဟုတ် တစ်နာရီခန့် နေ့စဉ်ပုံမှန် လမ်းလျှောက်ခြင်းဖြင့် ၉၆ ပါးရောဂါပျောက်ကင်းသည် သို့မဟုတ် မဖြစ်နိုင်ကြောင်း ရာနှုန်းပြည့်အာမခံချက် မပေးနိုင်သည်မှာ လူတိုင်းကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှု ပုံစံမတူညီကြခြင်းကြောင့်ဖြစ်သည်။ ဆားဓာတ်ပါဝင်မှုများသော အစားအစာ စားသုံးမှုများပါက သွေးတိုးရောဂါဖြစ်စေနိုင်ပြီး သွေးတိုးရောဂါမှ တစ်ဆင့်တက်၍ နှလုံးရောဂါနှင့် လေသင်တုန်းရောဂါ တို့ကိုဖြစ်စေနိုင်သည်။ ထို့ကြောင့် နေ့စဉ်စားသောက်သော အစားအစာများတွင် အငန်ဓာတ်လွန်ကဲသော အစားအစာများကို ရှောင်ကြဉ်ခြင်းဖြင့် သွေးတိုးရောဂါနှင့် နောက်ဆက်တွဲဖြစ်တတ်သော ရောဂါတို့ကို ကာကွယ်ကြရမည်ဖြစ်သည်။ စားသင့်သောအစားအစာမှာ အခွံမာသီးများကို နေ့စဉ်ပုံမှန်စားသုံးခြင်းဖြင့် နှလုံးရော ဂါဖြစ်နိုင်ခြေ၂၅ ရာခိုင်နှုန်း လျော့နည်းစေနိုင်ပြီး နှလုံးသွေးကြောနှင့် သက်ဆိုင်သောရောဂါဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေနိုင်သည်။

ကိုယ်လက်လှုပ်ရှားမှု နည်းပါးသော လုပ်ငန်းခွင်၌ လုပ်ကိုင်နေကြရသူနှင့် အသက်အရွယ်ကြီးရင့်သူတို့တွင် ဖြစ်တတ်သော အယ်လ်ဇိုင်းမား သတိမေ့ရောဂါဖြစ်နိုင်ခြေ လျော့နည်းစေရန် နေ့စဉ် သို့မဟုတ် ရက်သတ္တပတ် တစ်ပတ်လျှင်တစ်ကြိမ် ပုံမှန်လမ်းလျှောက်ကြလျှင် ကျန်းမာရေး ကောင်းမွန်မှုအတွက် အထောက်အပံ့ဖြစ်စေနိုင်သည်။ အားကစားရုံသို့ သွားရောက်လေ့ကျင့်ရန် အခြေအနေမပေးသူများအတွက် အိမ်တွင်းမှာပင်ပြုလုပ်နိုင်သော ထိုင်ထ၊ ကွေးဆန့်စသည့် လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်စေနိုင်သဖြင့် အားကစားရုံမရှိ၍ သို့မဟုတ် အချိန်မပေးနိုင်၍ ကျန်းမာရေးလေ့ကျင့်ခန်း ပုံမှန်မလုပ်ဖြစ်ပါ ဟူသော အကြောင်းပြချက်မျိုးပေးရန် မလိုတော့ဘဲ  မိမိအတွက် ကျန်းမာရေးကို  မိမိကိုယ်တိုင် စောင့်ရှောက်လိုသော စိတ်ဆန္ဒနှင့်လုံ့လဝီရိယ စိုက်ထုတ်ဖို့သာလိုသည်။

လူတိုင်းသည် မအိုမနာမသေ ပါရစေကြောင်း ဆုတောင်း၍ မရနိုင်သည်ကို သိကြပြီးဖြစ်သည့်တိုင်အောင် ဖြည်းဖြည်းလာပါအိုဇရာဆိုသည့် ဆန္ဒရှိကြသူတွေကများသည်။ လူတိုင်းအသက်ရှည် ကျန်းမာစွာ သက်တမ်းစေ့ နေထိုင်နိုင်ရေးသည် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှု ပုံစံရှိကြရန် လိုအပ်သကဲ့သို့ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းကို ဒီဇင်ဘာ အားကစားလတွင်သာ မဟုတ်ဘဲ တစ်နှစ်ပတ်လုံး အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ကြရန် ဖြစ်ကြောင်း  မြဝတီက စိတ်ရင်းကောင်းဖြင့် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။     

Read 157 times Last modified on Monday, 08 January 2018 09:57