SJ WorldNews - шаблон joomla Авто
အခန်းဆက်ဝတ္ထုရှည်

အခန်းဆက်ဝတ္ထုရှည် (195)

အခန်းဆက်ဝတ္ထုရှည်

အခန်းဆက်ဖော်ပြချက်

ဦးထွန်းဖေမှာ လားဟူလူမျိုးဖြစ်သော်လည်း ရှမ်းများ ဗမာစကား ပြောသလို မဝဲပါ။ ဗမာလို ပီသစွာပြောနိုင်သည်။ စိတ်ရင်းစေတနာကောင်းသည်။ တရုတ်ဖြူများကို တပ်မတော်နှင့် ကူညီတိုက်နေသူဖြစ်သည်။ မိမိနှင့်အတူ သွားလာရပေါင်း များသဖြင့် မိမိရဲဘော်များနှင့် လားဟူ ကာကွယ်ရေး များမှာလည်း ခင်မင်နေကြသည်။ တပ်မတော်မှာ ကျိုင်းတုံ မိုင်းဖြတ်နှင့် တာချီလိတ်မြို့ကြားရှိ လားဟူရွာကြီးများ ဖြစ်သော ရန်ကုန်ရွာ၊ ရန်အောင်ရွာ ရန်ရှင်း ရွာများတွင်လည်း လားဟူ ကာကွယ်ရေးများနှင့် ခင်မင်ရင်းနှီးစွာ တရုတ်ဖြူများကို ပူးတွဲ တိုက်ခိုက်နေကြသည်။

လားဟူကာကွယ်ရေးများနှင့် ရဲဘော်ရဲဘက်စိတ်

ကျိုင်းတုံဒေသငှက်ဖျား- ဒေသခံ ရှမ်းအမျိုးသားများမှာ သူ့ဒေသနှင့် သူငှက်ဖျားဒဏ်ကို ခံနိုင်ကြသည်။ တောင်ပေါ်သား လားဟူ-အီကော၊ ဝ-တိုင်းရင်းသား များမှာလည်း သူ့ဒေသနှင့်သူ ငှက်ဖျားဒဏ် ခံနိုင်ကြသည်။ မြေပြန့်မှဗမာများမှာ ဒေသနှင့်နဖူးတွေ့၊ ဒူးတွေ့တွေ့ကြသော အခါ ဒေသခံများလောက် ခံနိုင်ရည် မရှိကြပါ။ လွန်ခဲ့သောအပတ်က မိုင်းခတ်သို့ ရောက်လာသော တပ်ခွဲ(၄)မှ ရဲဘော်အောင်မြရင် ငှက်ဖျားဖြင့်သေဆုံးရာ လိုက်ပါ၍ အလေးပြုခဲ့သည်။ အမျှ အမျှ ရဲဘော်အောင်မြရင်ရေ . . .

၁ဝ-၈-၁၉၅၄ ရက်နေ့တွင် တပ်ခွဲ(၁)မှ ရဲဘော်မြစံလည်း ငှက်ဖျားဖြင့် သေဆုံးပြန်သည်။ လိုက်ပါပို့ဆောင်၍ အလေးပြု အမျှပေးခဲ့သည်။ ခလရ(၂၄)ရဲဘော်များသည် မိမိကို ဗိုလ်သင်တန်း အမှတ်စဉ် (၆)(၇)(၈)မှ ဆင်းလာသော ဗိုလ်လေးများအား (ဘယ်ညာ)၂ မှစ၍ သင်ပေးခဲ့ကြရသော တပ်သားများ ဖြစ်သဖြင့် ညီငယ်လေးများကဲ့သို့ သံယောဇဉ်ရှိကြ သူများလည်း ဖြစ်၍ စိတ်ထိခိုက်သည်။ သို့သော် အခြားကြီးကြီးမားမား ဘာမှ မဆောင်ရွက်နိုင်ပါ။ မိဘများထံ တပ်ရင်းမှတစ်ဆင့် အကြောင်းကြားရရုံသာ တတ်နိုင်သည်။

၂၈-၉-၁၉၅၄ ရက်နေ့တွင် တပ်ခွဲ(၁)မှတပ်သား ဥာဏ်ထွန်းငှက်ဖျားဖြင့် သေဆုံးပြန်သည်။ ပို့ဆောင်အလေးပြု ဆွမ်းကျွေးခြင်း၊ အမျှပေးဝေခြင်းပြုသည်။

ရိက္ခာပြဿနာ အတွက် စီစဉ်ခြင်း

နမ့်ခချောင်းတွင် ဗိုလ်ကြီးအောင်ဌေး (တလရညွှန်ချုပ်) လှေပါမျောသွားသဖြင့် မိုင်းခတ်ဒေသရှိ တပ်ဖွဲ့များအတွက် ရိက္ခာပြတ်သွားသည်။ ထို့ကြောင့် လေကြောင်းရိက္ခာ ချရန်တပ်ခွဲလိုက် ရိက္ခာချကွင်းများ စီစဉ်ကြရသည်။ တပ်ခွဲ(၂)နှင့်(၄)အတွက် မိုင်းခတ်မြို့ ဘက်တွင် ဗိုလ်ကြီးထူး (တပ်ကြပ်မောင်ထူး)မှ စီစဉ်သည်။ မိုင်းခတ်မြို့သူ မြို့သားများမှာ ကားတွေမြင်ရတုန်း ကကြပျော်ကြသည်ထက် ယခုလေယာဉ်ပျံမှ ရိက္ခာချပေးသဖြင့် တပ်မတော် အပေါ်ပို၍ အားကိုးလာကြသည်။ နောက်ထပ်လေယာဉ်ပျံ ဒါကိုတာတစ်စင်းမှ မိမိတို့ တပ်ခွဲ(၁)ရှိရာ နောင်လျမ် ဘုန်းကြီးကျောင်းအနီး လယ်ကွင်းတွင် ချပေးသဖြင့် လယ်ကွင်းဘေးရှိ ရှမ်းရွာကြီး သုံးရွာမှထွက်၍ ကြည့်ရှုဝမ်းသာကြသည်။ လုံခြုံရေးကို မိမိတပ် လားဟူကာကွယ်ရေး ရှမ်းသူကြီးနှင့် ရွာသားများက ကူညီကြသည်။ မိုင်းခတ်မြို့သူ မြို့သားများမှာ တပ်မတော်အပေါ်တွင် ယခင်အားကိုး ယုံကြည်ရင်း ရှိခဲ့သည်ထက် ယခုကဲ့သို့ တပ်မတော်(လေ)မှ ရိက္ခာများ ချပေးသည်ကို မြင်ကြရ၍ ပို၍ပင် အားကိုးလာကြသည်။ ဘုန်းတော်ကြီးများကို ယခင်လက်ဖက်ရည် အချိုနှင့် ပဲဟင်းဆွမ်းကပ်ရာမှ ယခုငါးသေတ္တာနှင့် အမဲဘူး ဆွမ်းကပ်နိုင်ခဲ့သည်။ တပ်စိတ်လိုက် တပ်စုလိုက်လည်း ငါးသေတ္တာနှင့် အမဲဘူးကို ဒေသခံ ရွာသားများထံမှ ကြက်သားနှင့်လဲ၍ စားကြရသဖြင့် နှစ်ဖက်စလုံး ကျေနပ်ကြသည်။ ဤအချိန်၊ ဤကာလ တပ်မတော်အပေါ်တွင် ဒေသခံများက တပ်မတော်အပေါ် ချစ်ခင်အားကိုး လေးစားလျက် ရှိကြသည်။ ကျိုင်းတုံမြို့တွင်း လမ်းပေါ်တွင် စစ်သည် တစ်ဦးမူးနေတာ တွေ့လျှင် ကျိုင်းတုံစော်ဘွားကြီး စဝ်စိုင်းလုံသည် သူ့ကားပေါ်တင်၍ တပ်ရင်းမှူး ဗိုလ်မှူးရဲထွန်းအိမ်သို့ လာပို့သော ခေတ်ဖြစ်ခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။

အေးစန်(သာယာဝတီ-သုံးဆယ်)

Page 1 of 14