SJ WorldNews - шаблон joomla Авто

ငလျင်အန္တရာယ်ကို ကြောက်ရင် ငလျင်လေ့ကျင့်ခန်းကို လေ့ကျင့်ထားမှ ပျက်စီးဆုံးရှုံးမှု လျော့နည်း သက်သာစေနိုင်မယ်

Tuesday, 17 October 2017 10:02 Written by  font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ၌ မြေငလျင်လှုပ်ခတ်မှုကို တွေ့ကြုံခဲ့ဖူးပြီး အတိတ်ကာလကလည်း ငလျင်များလှုပ်ခတ်ခဲ့ဖူးကာ  မကြာသေးမီကလည်း လှုပ်ခတ်ခဲ့သည်။  အင်အားပြင်းသော မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ခဲ့ဖူးသည်။ အနာဂတ်တွင်လည်း ငလျင်လှုပ်နိုင်သည့် အခြေအနေများ ရှိနေကြောင်းကို မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ နာယကဒေါ်လှလှအောင်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပုံကို ဖော်ပြလိုက်ပါသည်။

-အခုရက်ပိုင်းမှာ မြေငလျင်လှုပ်ခတ်မယ် ဆိုတဲ့  သတင်းမျိုးတွေ   လူမှုကွန်ရက်မှာ တွေ့နေရတယ်။ ဒါနဲ့ပတ်သက်ပြီး  ဆရာမကြီး အနေနဲ့သုံးသပ် ပြောပြပေးပါဦး။

-လူမှုကွန်ရက်မှာ ငလျင်နဲ့ပတ်သက်ပြီး ပြောတာတွေက အမျိုးမျိုးပါပဲ။  ကောလာ ဟလတွေကိုမယုံဖို့ပြောချင်ပါတယ်။ တကယ် သတင်းထုတ်ပြန်မယ်ဆိုရင်   မြန်မာနိုင်ငံ မြေငလျင်ကော်မတီကပဲ   ထုတ်ပြန်မှာပါ။  သူတို့က  ဘယ်လိုအကြောင်းအချက်တွေ အပေါ်အခြေခံပြီး  ဒီလိုသတင်းတွေလွှင့် နေတယ်ဆိုတာ    မြန်မာနိုင်ငံမြေငလျင် ကော်မတီအနေနဲ့မသိပါဘူး။   ကျွန်မတို့ အနေနဲ့  လေ့လာမိသလောက်  ငလျင်ကို ကြိုတင် ခန့်မှန်းပြီး ဘယ်တော့လှုပ်ပါမယ်၊ ဘယ်လိုလှုပ်ပါမယ်၊ ဘယ်လိုစကေးနဲ့ လှုပ်ပါမယ်ဆိုတာ   ပြောလို့မရပါဘူး။ဘာလုပ်ဖို့လိုသလဲဆိုတော့ ကြိုတင်ပြင်ဆင် တာကိုပဲ လုပ်ရမှာပါ။ ငလျင်သတင်းဖြန့်သူတွေကိုလည်း ငလျင်နဲ့ပတ်သက်လို့  အဲဒီလို သတင်းတွေကိုမဖြန့်ဖို့နဲ့  ပြည်သူလူထုအနေနဲ့လည်း မြန်မာနိုင်ငံမြေငလျင်ကော်မတီ က သတင်းတွေကိုပဲ လက်ခံပါလို့ပြောချင်ပါ တယ်။

-အရင်က အင်အားပြင်းလှုပ်ခတ်ခဲ့ဖူးတဲ့ ပဲခူးငလျင်နဲ့ ပတ်သက်ပြီး အနာဂတ်မှာ တစ် ကျော့ပြန် လှုပ်လာမယ်လို့ ပြောနေကြတယ်။ အဲဒါနဲ့ပတ်သက်လို့   ဆရာမကြီးအနေနဲ့ ဘယ်လိုယူဆပါသလဲ။

-ပဲခူးငလျင်က ၁၉၃ဝ ပြည့်နှစ်က လှုပ်ခတ် ခဲ့တာ။ ရစ်ခ်ျတာစကေး ၇ ဒသမ ၃ ရှိခဲ့ တယ်။ လူ ၅ဝဝ လောက် သေဆုံးခဲ့တယ်။ အဲဒီတုန်းက  ရန်ကုန်မှာ လူ ၅ဝ လောက် သေဆုံးခဲ့ဖူးတယ်။ အဲဒါက နှစ် ၈ဝ ကျော် ခဲ့ပြီ။ ငလျင်က တစ်ကျော့ပြန်လှုပ်တတ်တဲ့ အခြေအနေရှိတယ်။ လှုပ်ဖို့ကတော့  နီးလာတယ်လို့ ပြောလို့ရတယ်။ဘယ်အပေါ်မှာ မူတည်ပြီးတော့   ငလျင်လှုပ်လိမ့်မယ်လို့  ကြိုတင်ခန့်မှန်းလို့မရဘူး။အထူးသဖြင့်   မြန်မာနိုင်ငံမှာ ပိုပြီးခန့်မှန်းလို့ မရဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာက  နည်းပညာမရှိဘူး။ ဂျပန်နိုင်ငံမှာဆိုရင် ကြိုတင်ခန့်မှန်းနိုင်တဲ့ အနေအထားတွေရှိတယ်။ သူတို့မှာက GPS တို့၊ ခေတ်မီနည်းစနစ်တို့ သုံးပြီး တွက်ကြတော့ အနီးစပ်ဆုံးကိုတွက်ချက် ခန့်မှန်းထားတာတွေ ရှိတယ်။ သူတို့လည်း အဲဒါကို သိပ်ယုံကြည်မှုမရှိဘူး။  ခန့်မှန်းတာနဲ့၊  လှုပ်တာနဲ့က  တခြားစီဖြစ်နေတာတွေလည်း ရှိ တော့ နည်းပညာနိမ့်တဲ့ နိုင်ငံမှာ  ပိုပြီးတော့မဖြစ်နိုင်ဘူး။ဘယ်လိုမှ ခန့်မှန်းလို့မရတဲ့ ဒီငလျင်ကို ကောလာဟလကြောင့်ဘယ်လိုမှ မယုံပါနဲ့။ကိုယ်လုပ်သင့်တဲ့အလုပ်ဖြစ်တဲ့ ဟောပြောပွဲတွေမှာလည်းပြောလေ့ရှိတဲ့ ကြိုတင်ပြင်ဆင်ခြင်း အလုပ်ကိုပဲ လုပ်ပါလို့    မှာချင်ပါတယ်။

-ရန်ကုန်အနေနဲ့က သတိပြုစရာ ဘယ်လို ငလျင်အခြေအနေတွေ ရှိလာနိုင်ပါသလဲ။

-ရန်ကုန်ကို ဒုက္ခပေးမှာက ပဲခူးငလျင်ပဲ။ ရန်ကုန်မှာလည်း  သူ့ဟာနဲ့သူလှုပ်နိုင်တဲ့ အခြေအနေတွေရှိပါတယ်။ လှုပ်လည်းလှုပ်ခဲ့ဖူးပါတယ်။  ရန်ကုန်မှာ ၁၉၂၇  ခုနှစ်က ငလျင်ပမာဏ ရစ်ခ်ျတာစကေး ၇ ဒသမ ဝ နဲ့လှုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့  လူတွေသိတာများ တာက  ပဲခူးငလျင်ကိုပဲ သိကြတယ်။  ရန်ကုန်မြို့ရဲ့အနောက်ဘက်မှာ   ဒေးဒရဲပြတ်ရွေ့ရှိ တယ်။ အဲဒီကလှုပ်ရင်လည်း  ငလျင်လှုပ်နိုင်တယ်။ စစ်ကိုင်းပြတ်ရွေ့က  ၃ဝ ကီလိုမီတာ အကွာမှာရှိတယ်။   အဲဒီကလှုပ်ရင်လည်း ရန်ကုန်ကို ထိနိုင်တယ်။  ရန်ကုန်က  ငလျင် Earthquake  Potential အနေနဲ့ဆိုရင် အဘက်ဘက်မှာရှိတယ်။ ဒါကတော့ အကြမ်း ဖျင်း ပြောပြတာပါ။

-ရန်ကုန်မြို့ရဲ့ အောက်ခံမြေအမျိုးအစားက ငလျင်တစ်ခုလှုပ်ရင်  သက်ရောက်မှုပြင်း ထန်နိုင်ပါသလား။

-ရန်ကုန်မြို့က ဧရာဝတီမြစ်ဝကျွန်းပေါ်က ထောင့်လေးမှာရှိတာ။ ရန်ကုန်မြို့ရဲ့ မြေ သားတွေက နုန်းမြေတွေ။ နုန်းမြေဆိုတာက ငလျင်လှုပ်ရင်  ငလျင်လှိုင်းကို ပိုပြီးကြီး မားစေတယ်။ ကြာကြာလည်း လှုပ်စေတယ်။ လှုပ်လိုက်ပြီဆိုတာနဲ့   နည်းနည်းလေးလှုပ် လိုက်ရင်ပဲ သူကခါတာပြင်းတယ်။ အခုဆိုရင်  အနီးအနားတိုက်ကြီးဘက်မှာ လှုပ်လိုက်ရင် ရန်ကုန်ကိုခါတယ်။ ပုဂံငလျင်တုန်းကလည်း ဒီမှာခါတာပဲ။ နည်းတာများတာ ပဲကွာတယ်။   အောက်ခံကျောက်သားက မြေနုဖြစ်တော့ ငလျင်လှုပ်တဲ့အခါမှာ လှုပ်တဲ့လှိုင်းကို    ပိုပြီးကြီးမားသွားစေလို့ပါ။ တခြားဘာရှိသလဲဆိုတော့ ပြတ်ရွေ့တွေ၊ ဘာတွေရှိလားဆိုတော့    သူ့မှာစစ်ကိုင်း ပြတ်ရွေ့ လိုမျိုး ထင်ထင်ရှားရှားတော့မမြင်ရဘူး။ ဒါပေမဲ့ နုန်းတွေဖုံးနေတဲ့ အောက်မှာ   ပြတ်ရွေ့တွေရှိတယ်။   အဲဒီပြတ်ရွေ့တွေ ကလည်း  ငလျင်လှုပ်နိုင်တယ်။

-ရန်ကုန်ရဲ့  အိမ်ရာတည်ဆောက်မှု လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး  ဆရာမကြီးအနေနဲ့ ဘာများပြောချင်ပါသလဲ။

-မြေငလျင်နဲ့ပတ်သက်လို့ တည်ဆောက်ရေးအပိုင်းက အဓိကအကျဆုံးပါ။ ငလျင်က မြေအောက်ကလာတာ။ ငလျင်လှိုင်းလာရင် အိမ်ခါမယ်၊  တိုက်ခါမယ်၊  တိုက်ပြိုမယ်၊ အိမ်တွေပျက်စီးမယ်။  အဲဒါတွေရှိတယ်။ အဆောက်အအုံတွေကို ပိုဂရုပြုသင့်တယ်။  ငလျင်ဒဏ်ခံနိုင်တဲ့  အဆောက်အအုံမျိုး ဆောက်သင့်တယ်။ ငလျင်ဒဏ်ခံနိုင်တဲ့   အဆောက်အအုံမျိုး   ဆောက်ပါလို့ပြောထားတာက လှုပ်ခဲ့မယ်ဆိုရင်   ပျက်စီးမှုက နည်းသွားစေတယ်။  လူအသေအပျောက် ဆုံးရှုံးမှုက နည်းပါးသွားမယ်။ သဘာဝဘေး လျော့ပါးရေးအတွက်  အထောက်အကူပြု စေနိုင်ပါတယ်။

- မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အနေနဲ့ ပြည်ပနိုင်ငံတွေနဲ့ ပေါင်းပြီး သုတေသနပြု တာတွေ၊    လေ့လာနေတာတွေရော ရှိပါ သလား။

-အရင်ကလည်း လေ့လာလုပ်ဆောင်နေတယ်။ အခုလည်း ပြည်ပနိုင်ငံတွေနဲ့ ပေါင်းပြီးတော့လုပ်နေပါတယ်။ အထူးသဖြင့် ဂျပန်နိုင်ငံပါ။ ဂျပန်နိုင်ငံက ငလျင်လှုပ်လေ့လှုပ်ထ ရှိတယ်ဆိုတော့  တခြားတိုင်းပြည်တွေကို ကူညီတယ်။  မြန်မာနိုင်ငံမှာလည်း ကူညီတာတွေ ရှိပါတယ်။  ပူးပေါင်းဆောင်ရွက်နေတဲ့   အဖွဲ့အစည်းတွေက မျိုးစုံပါပဲ မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သုတေသနလုပ်နေတာ ရပ်နားထားတယ်ဆိုတာ မရှိဘူး။  လက်ရှိအချိန်ထိ လုပ်ဆောင်နေတုန်းပဲ။

-မြေငလျင်အန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် ဆရာမကြီးအနေနဲ့ ဘာများအကြံ ပြုပြောကြားချင်ပါသလဲ။

-လုပ်သင့်လုပ်ထိုက်တာကတော့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ ကြိုတင်ပြင်ဆင်ခြင်းကိုပဲ လုပ်သင့်ပါတယ်။   ကျွန်မတို့လိုငလျင် ကော်မတီတွေကလည်း    အားလုံးဝိုင်းဝန်းပြီး  ပြည်သူလူထုကို အသိပညာပေးနေသလို   တခြားအဖွဲ့အစည်းတွေ အနေနဲ့လည်း ပြည်သူတွေအပေါ် ပညာပေးမှုတွေ ကို လုပ်သင့်ပါတယ်။ ငလျင်ဒဏ်ကိုခံစား ရမှာကြောက်ရင်  ငလျင်လေ့ကျင့်ခန်းလို့ ခေါ်တဲ့ အဲဒါလေးကို လေ့ကျင့်ထားဖို့အရေး ကြီးပါတယ်။  ကျန်တာကတော့  ကြိုတင်ပြင်ဆင်ခြင်းပါ။   ကြိုတင်ပြင်ဆင်ခြင်းကို  ကျွန်မအနေနဲ့  စာအုပ်တွေမှာလည်း ပညာပေးရင်း ရေးနေပါတယ်။ အများပြည်သူတွေ ဘက်ကလည်း အမြဲလေ့ကျင့်နေမယ်ဆိုရင် ငလျင် ဒဏ်ကြောင့်   ပျက်စီးတဲ့ဒဏ်ကလျော့ပါးသွားမှာပါ။

ထက်ခိုင် (စမ်းချောင်း)

Read 15 times
Rate this item
(0 votes)
Last modified on Tuesday, 17 October 2017 10:04