SJ WorldNews - шаблон joomla Авто

အဆိပ်ဗေဒ (Toxicology)

Tuesday, 10 April 2018 10:03 font size decrease font size decrease font size increase font size increase font size

အဆိပ်ဗေဒ ဆိုသည်မှာ ရိုးရိုးရှင်းရှင်း ပြောရလျှင် အဆိပ်သင့်စေသော အရာများနှင့် ယင်းတို့ကြောင့် သက်ရှိတို့၏ ကိုယ်ခန္ဓာအတွင်း ဖြစ်ပျက်ပြောင်းလဲမှု များအား လေ့လာခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ အဆိပ်သင့်စေသော အရာများတွင် အပင်များ၊ သက်ရှိများ၊ ဓာတုထုတ်ကုန်များ၊ ဓာတ်ငွေ့များ စသော အဆိပ်အတောက် ဖြစ်စေနိုင်သော အရာမှန်သမျှ ပါဝင်သည်။ လူသားများအတွက် အသုံးဝင်သော အစားအသောက်များ၊ ဆေးဝါးများ၊ ဓာတုပစ္စည်းများ ''တန်ဆေးလွန်ဘေး'' အသုံးပြုသော ပမာဏမည်သို့ အသုံးပြုသည်၊ မည်မျှကြာအောင် သုံးစွဲမိသည် ဆိုသော အချက်အလက်များပေါ် မူတည်ကာ တစ်ချိန်ချိန်တွင် အဆိပ်အတောက် အဖြစ်သို့ ရောက်ရှိသွားနိုင်သည်။ ထို့ကြောင့် အဆိပ်ဗေဒ လေ့လာမှုမှာ များပြားလွန်းသောကြောင့် အဖြေရကျပ်သော မေးခွန်းပင်ဖြစ်သည်။ အလယ်ခေတ်နှောင်းက ပေါ်ပေါက်ခဲ့သော အဆိပ်ဗေဒ ဖခင်ကြီး ပါရာဆဲဆပ် (၁၄၉၃-၁၅၄၁)က အရာရာတိုင်းသည် အဆိပ်အတောက် ဖြစ်နိုင်၏။ အဆိပ်မသင့် စေတတ်သော အရာသည်မရှိ။ ဆေးဖြစ်ခြင်းနှင့် အဆိပ်ဖြစ်ခြင်းကို ခွဲခြားနိုင်ခြင်းသည် သုံးစွဲရမည့် ပမာဏ မှန်ကန်စွာရွေးချယ်ခြင်းပေါ် မူတည်၏ဟု ပြောကြားခဲ့သည်။ ထိုခေတ်က အဆိပ်အဖြစ် သုံးသော 'အာဆင်းနစ်' ကို 'ဆစ်ဖလစ်' ရောဂါကုသရာတွင် သုံး၍ရသည်ဆိုသော သူ့အဆိုကို ဝိုင်းဝန်းကန့်ကွက် ကြသူများအပေါ် ခွန်းတုံ့ပြန်ခဲ့သော စကားဖြစ်ပြီး ယနေ့ဆေးဝါးဗေဒ အဆိပ်ဗေဒမှာ ထည့်သွင်းထားသည်။

အဆိပ်ဗေဒဘာသာရပ်သည် လူသားများ အသိဥာဏ် ဖွံ့ဖြိုးကတည်းက စတင်ခဲ့သည်။ လူသားတို့က အသီးအရွက်များ ခူးယူစားသောက် ကြစဉ်ကတည်းက ဘယ်အရွက်၊ အခေါက်ကသေနိုင်သည်၊ မစားသင့်သည် စသည်ဖြင့် မှတ်သားခဲ့ကြသည်။ အမဲလိုက်ရာတွင် သားကောင်များ မေ့မြောသွားစေသော၊ သေဆုံးစေနိုင်သော အဆိပ်များကို မြားထိပ်တွင် သုတ်လူးကာ အသုံးပြုခဲ့သည်။ ရှေးခေတ် ဂရိများသည် နောက်ပိုင်းတွင် အဆိပ်ကို ရာဇဝတ်သားများ သုတ်သင်ရာတွင် သုံးခဲ့သည်။ ဂရိပညာရှင်ကြီး 'ဆိုကရေးတီး' ကို အဆိပ်ရည် သောက်စေကာ သုတ်သင်သော ဇာတ်လမ်းလူသိများသည်။ အလယ်ခေတ်က ရောမမြို့ရှိ သမီးပျိုများသည် လူချမ်းသာ လူရွယ်များအား ငွေချူကာ တိတ်တဆိတ် လုပ်ကြံသတ်ဖြတ် ခဲ့ခြင်းများ၊ နိုင်ငံရေးသမား အချင်းချင်း အဆိပ်ခတ်သူများအား ငွေပေးလုပ်ကြံစေခြင်းများ ခေတ်စားခဲ့သည်။ ယင်းခေတ်ကာလကစပြီး အဆိပ်အတောက်များ အကြောင်း၊ ယင်း၏ အာနိသင်များ၊ အဆိပ်သင့်မှုကို ကုစားခြင်းများ ပါသော အဆိပ်ဗေဒ ဘာသာရပ်ကို တဖြည်းဖြည်း လေ့လာခဲ့ကြရာ တိုးတက်ဖြစ်ထွန်းမှုများ ဖြစ်လာသည်။ ၁၉ ရာစုနှင့် ၂ဝ ရာစုတို့အတွင်း စက်မှုလုပ်ငန်းများ တိုးတက်ထွန်းကားလာခြင်း၊ ဓာတုဗေဒ ပညာရပ် ဖွံ့ဖြိုးတိုးတက် လာခြင်းတို့ကြောင့် ဓာတုပစ္စည်းများလည်း တစ်နေ့တခြား တိုးပွားလာကာ နေ့စဉ်အသုံးပြု နေကြသော ဓာတုပစ္စည်း အရေအတွက်မှာ ငါးသောင်းနှင့် တစ်သိန်းကြားရှိသည်ဟု ဆိုသည်။ ယင်းတို့အား လေ့လာသည့် အဆိပ်ဗေဒ ဘာသာရပ်သည်လည်း အခြားသော ဘာသာရပ်များ ကဲ့သို့ မျိုးကွဲများစွာ ပေါ်ထွက်လာပြီး သက်ဆိုင်ရာ အထူးပြု ပညာရှင်များလည်း ပေါ်ထွက်လာသည်။ အထွေထွေ အဆိပ်ဗေဒသည် အဆိပ်အတောက် အမျိုးမျိုးအား အသုံးပြုပုံနှင့် ယင်းတို့ကြောင့် သက်ရှိတို့၏ ဇီဝစနစ်အတွင်း မည်သို့ ပြောင်းလဲသွားခြင်းအား လေ့လာသည့် ပညာဖြစ်သည်။ သို့သော် အခြားသော ဘာသာရပ်များ ကဲ့သို့ အထူးပြု လေ့လာကြသည်များထက် ဦးစားပေးသွား ကြသောကြောင့် အထွေထွေ အဆိပ်ဗေဒ ပညာသည် မှေးမှိန်လာနေသည်။ အဆိပ်သင့်မှု အမျိုးမျိုးကို လေ့လာသင်ကြားကြရာတွင် မရှိမဖြစ် လိုအပ်သော အခြေခံအချက်များကိုမူ အဆိပ်ဗေဒ ပညာရှင်တိုင်း သင်ယူကြရသည်။ အဆိပ်တို့ အလုပ်လုပ်ပုံကို လေ့လာရာတွင် ခန္ဓာကိုယ်၌ ဆေးဝါးများ မည်သို့မည်ပုံ အလုပ်လုပ်ကြသည် ဆိုသော Machanism of action ကိုသိရှိရန် အရေးကြီးသည်။ ထိုနည်းတူ အဆိပ်အတောက်များက ခန္ဓာကိုယ် စနစ်များအား မည်သို့ပြောင်းလဲစေသည်၊ ဆဲလ်အတွင်းနှင့် ကိုယ်တွင်းအင်္ဂါများထဲတွင် မည်သို့သော အဆိပ်သင့်ခြင်း များအား ဖြစ်ပေါ်ကြသည်တို့ကို လေ့လာဆန်းစစ်ခြင်းသည် Machanism of Toxicology ဖြစ်သည်။ အဆိပ်အတောက်များ၏ အလုပ်လုပ်ပုံကို မူတည်ပြီး တူရာအုပ်စုများ စုစည်းမှတ်သားထားသည်။ ထိန်းချုပ်ကန့်သတ်မှုများ ကြည့်လျှင် လူ့အဖွဲ့အစည်းအတွင်း အဆိပ်အတောက် ဖြစ်စေသော အရာများထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်းတို့နှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများကို ထုတ်ပြန်ခြင်း၊ လိုက်နာလုပ်ဆောင်ရန် ကြပ်မတ်ခြင်းများ ပြုလုပ်သော အဆိပ်ဗေဒ ဘာသာခွဲဖြစ်သည်။ အစောဆုံး ထုတ်ပြန်ခဲ့သည့် အဆိပ်ဆိုင်ရာ ထိန်းချုပ်ကန့်သတ်သော ဥပဒေမှာ ဘီစီ(၈၂)ခုနှစ် ရောမမြို့၌ Lex Comelra ထုတ်ပြန်သည့် အဆိပ်အား လူသတ်ရာတွင် အသုံးချခြင်းကို တားမြစ်သော ဥပဒေဖြစ်သည်။ ယခုအခါ အဆိပ်အတောက်များ ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်း၊ ဖြန့်ဖြူးခြင်းဆိုင်ရာ ဥပဒေများကို သက်ဆိုင်ရာနိုင်ငံ၊ ပြည်နယ်၊ ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့အစည်းများက ပညာရှင်များ၏ အကြံဥာဏ်ကိုရယူကာ ထုတ်ပြန်ကြသည်။

အဆိပ်ကြောင့် မျိုးဗီဇများ ပြောင်းလဲခြင်းမှာ သိပ္ပံပညာရှင်များက နားလည်လက်ခံရခက်သော အဆိပ်ဗေဒဆိုင်ရာ အချက်အလက်များကို လူထုနားလည် လက်ခံလာအောင် ရှင်းလင်း ပြသသော လုပ်ငန်းစဉ်အကြား လုပ်ဆောင်မှု အားလုံးကို Descriptive Toxicology ဟု ခေါ်ဆိုနိုင်သည်။ တိရစ္ဆာန်များတွင် အဆိပ်ကိုစမ်းသပ်ခြင်း၊ မော်လီကျူးနှင့် ဆဲလ်များအတွင်း အဆိပ်သင့်မှု လေ့လာခြင်း၊ ကိုယ်ခံအားဆိုင်ရာ အဆိပ်ဗေဒ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အဆိပ်ဗေဒ အမျိုးမျိုး ကွဲပြားသည်။ ဘာသာရပ် တစ်ခုကိုပြောရလျှင် ယင်းဘာသာရပ်ကို မည်သည့်နေရာ၌ အသုံးချ ရမည်ကို မူတည်ကာ စိတ်ဝင်စားမှု အတက်အကျ ရှိတတ်ကြသည်။ အဆိပ်ဗေဒ ပညာရပ်သည် အခြားကုသမှုဆိုင်ရာ ဆေးပညာရှင် များနှင့်စာလျှင် လူစိတ်ဝင်စားမှုနည်းသော ဘာသာရပ်ဖြစ်သည်။ သို့သော် အဆိပ်ဗေဒ ပညာရှင်များအကြောင်း အထူးလေ့လာသည့် အပိုင်းနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းပေါ် မူတည်သည်။ အဆိပ်ဘာသာရပ် အဖြစ် သီးခြားရပ်တည် လာခဲ့သော ၁၉၅ဝ ပြည့်နှစ် ကတည်းက လက်တွေ့နယ်၌ အသုံးချမှုအပေါ် အခြေခံ တည်ဆောက်ခဲ့မှုမှာ ဥပဒေရေးရာ အဆိပ်ဗေဒ ပညာရှင်ဖြစ်သည်။ ပထမဦးဆုံး အဆိပ်ဗေဒ ပညာရှင်တို့သည် အစားအစာ၊ အရည်၊ ခန္ဓာကိုယ် အစိတ်အပိုင်းများထဲမှ အဆိပ်များအား ထုတ်ယူကာ ခွဲခြားပေးနိုင်စွမ်း ရှိသော ဓာတုဗေဒ ပညာရှင်များဖြစ်သည်။ ယခင်က ပုံမှန်ပစ္စည်းများဖြင့် ပြုလုပ်ထားသော Chmatographic techniques များအသုံးပြု၍ အဆိပ်များအား ရှာဖွေထုတ်ဖော် ခဲ့ကြရာမှ ယခုအခါ တိကျကောင်းမွန်သော စက်များနှင့် ရှာဖွေနိုင်ခဲ့ပါပြီ။ ဆေးလက်တွေ့ဆိုင်ရာ အဆိပ်ဗေဒ ပညာရှင်တို့ လုပ်ငန်းဆောင်တာများမှာ ဥပဒေရေးရာ ဆေးပညာရှင်နှင့် သဘာဝချင်း ခြားနားသည်။ မည်သို့ဆိုစေ အဆိပ်ဗေဒ ပညာရှင်များ၏ အခန်းကဏ္ဍမှာ အရေးပါလာပါပြီ။

ဒေါက်တာလွင်သန့်

Read 130 times Last modified on Tuesday, 10 April 2018 10:04