SJ WorldNews - шаблон joomla Авто

ပင်လောင်းမြို့နယ်ရှိ လက်ဖက်စိုက် တောင်သူများ လက်ဖက်ခြောက် လုပ်ငန်း ပြန်လည် လုပ်ကိုင်လာ

Tuesday, 10 October 2017 11:34 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်ရှိ လက်ဖက်စိုက် တောင်သူများသည် မိုးရာသီကာလအတွင်း ရာသီဥတု အခြေအနေကြောင့် လက်ဖက်ခြောက် ထုတ်လုပ်မှုကို ရပ်နားထားခဲ့ကြပြီး လက်ရှိတွင် မိုးကာလကုန်ဆုံးတော့မည် ဖြစ်၍ လက်ဖက်ခြောက် ထုတ်လုပ်မှုကို ပြန်လည်လုပ်ကိုင်နေကြပြီ ဖြစ်ကြောင်း လက်ဖက်စိုက် တောင်သူ ဦးမော်ရွှေထံမှ သိရသည်။

''လက်ဖက်ခြောက်ထုတ်တာက လက်ဖက်စိုထက် အချိန်ပိုကြာတယ်။ ကုန်ကျစရိတ်လည်း ပိုများတယ်။ ဒါပေမဲ့ ရတဲ့ ဈေးလည်းကွာတဲ့အတွက် လက်ဖက်ခြောက် လုပ်ငန်းဘက်ကို ပြန်လှည့်ပြီး လုပ်လာကြတယ်''ဟု ဦးမော်ရွှေက ပြောသည်။ လက်ဖက်ခြောက် ထုတ်လုပ်ရာတွင်ကိုယ်ပိုင် လက်ဖက်စိုက် ခင်းများအပြင် တခြားတစ်ပိုင်တစ်နိုင် စိုက် ခင်းများမှ လက်ဖက်ရွက်များ ဝယ်ယူ၍ လက်ဖက်ခြောက် ရရှိအောင် အဆင့်ဆင့် ပြုလုပ်ကြရခြင်းဖြစ်သည်။

လက်ဖက်ခြောက်ပြုလုပ်ရာတွင် လက်ဖက်ရွက်ကို အပင်မှခူးပြီး တစ်ရက်ပုံထားကာ နောက်တစ်နေ့တွင်ပေါင်းပြီး နောက်တစ်ရက်တွင် ကြိတ်ပေးရခြင်းဖြစ်ကာ လက်ဖက်စိုပြုလုပ်ရာတွင် အပင်မှခူးပြီးနောက် ပေါင်းပေးရန်သာ လိုအပ် ကြောင်း သိရသည်။ လက်ရှိ လက်ဖက်ဈေးကွက်အတွင်း ပြည်တွင်း လက်ဖက်ခြောက်မှာ တရုတ်နိုင်ငံမှ ဝင်လာသည့် လက်ဖက်ခြောက် ဈေးနှုန်းထက် ပိုများနေသည့်အတွက် ပြည်တွင်း၌ သုံးစွဲမှုနည်းပါးနေပြီး ဓာတ်မြေသြဇာနှင့် ဓာတုကင်းလွတ်သည်ကို သိရှိထားသူများ ပိုမိုဝယ်ယူသောက်သုံးသည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အစုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကျော်သီဟက ပြောသည်။

ယင်းအပြင် လက်ဖက်အစိုဈေးကွက်မှာ ပြည်တွင်းစားသုံးမှု၏ ၁ဝ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်ပြီး ကျန်ရှိသည့် ၉ဝ ရာခိုင်နှုန်းမှာ တရုတ်ဈေးကွက်မှ ဝင်ရောက်နေရာယူ နေခြင်းဖြစ်ကြောင်း သိရသည်။ ပင်လောင်းမြို့မှ ထွက်ရှိသော လက်ဖက်များကို ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် မြစ်ဝကျွန်းပေါ် ဒေသများသို့ အဓိကတင်ပို့ ရောင်း ချနေရပြီး လက်ရှိလက်ဖက်အစို တစ်ပိဿာလျှင် ငွေကျပ်တစ်ထောင့်လေးရာနှင့် လက်ဖက်ခြောက် တစ်ပိဿာလျှင် ငွေကျပ် လေးထောင်မှ ခုနစ်ထောင်ဖြင့် ရောင်းချကြောင်း သိရသည်။

Read 31 times Last modified on Tuesday, 10 October 2017 11:36