SJ WorldNews - шаблон joomla Авто

မြန်မာ့ ရုပ်ရှင် လောက ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရုပ်ရှင် စတူဒီယိုနှင့် ရုပ်ရှင် အတတ်ပညာ သင်တန်း ကျောင်း တည်ထောင် ဖွင့်လှစ် နိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ

Tuesday, 03 April 2018 08:40 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဧပြီ ၂

မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင် စတူဒီယိုနှင့် ရုပ်ရှင်အတတ် ပညာ သင်တန်း ကျောင်း ပေါ်ပေါက်ရေး ဆောင်ရွက်နိုင်မည့် အစီအမံနှင့်ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ   ပြန်ကြားရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မြန်မာ့ ရုပ်ရှင်လောက ဖွံ့ဖြိုး တိုးတက်ရေးအတွက်  နေပြည်တော်တွင် ရုပ်ရှင်စတူဒီယိုနှင့် ရုပ်ရှင် အတတ်ပညာသင်တန်း ကျောင်း ဖွင့်လှစ်နိုင်ရန်အတွက်  လိုအပ်သည်များ ဝိုင်းဝန်း ဆွေးနွေးကြရန် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက  ရုပ်ရှင် အတတ်ပညာ သင်တန်း ကျောင်းနှင့် ရုပ်ရှင် စတူဒီယိုများပေါ်ပေါက်လာရေးအတွက် လိုအပ်သည်များ အကြံပြု ဆွေးနွေး တင်ပြသည်။

ယင်းနောက်    ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ရန်ကုန် တိုင်း ဒေသကြီး ဗဟန်းမြို့နယ် အမှတ်(၅ဝ) ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင် မြှင့်တင်ရေး ဌာနခွဲတွင် စတူဒီယို(၁) အဆောက် အအုံပြုပြင်မွမ်းမံပြီးစီးမှုနှင့် ၎င်းတွင် ဆက်လက် ဆောင်ရွက်မည့် အစီအမံများ၊ ၎င်းနေရာဝင်းအတွင်း စတူဒီယို(၂)နှင့် Outdoor  ရိုက်ကွင်း နေရာများအတွက် ဆက်လက် ဆောင်ရွက် မည့် အစီအမံများ၊ ရုပ်ရှင်မြှင့်တင်ရေးဌာန ခွဲတွင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ အပါအဝင် ပုဂ္ဂလိကများနှင့် ပူးပေါင်းဖွင့် လှစ်ခဲ့သည့် ရုပ်ရှင်အနုပညာ၊ အတတ်ပညာဆိုင်ရာသင်တန်းများ၊ ထပ်မံဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် သင်တန်းများနှင့် ပြည်တွင်း၌ဖွင့်လှစ်သင် ကြားလျက် ရှိသော အစိုးရနှင့် ပုဂ္ဂလိက ရုပ်ရှင် အနုပညာ၊ အတတ်ပညာဆိုင်ရာသင်တန်း ကျောင်းများအခြေ အနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတို့က ရုပ်ရှင်စတူဒီယိုနှင့် ရုပ်ရှင်အတတ်ပညာ သင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်နိုင်ရေး ကူညီဆောင်ရွက်ပေးမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက် လာကြသူများက ရုပ်ရှင်လောက ဖွံ့ဖြိုးတိုး တက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုရှင်းလင်း ဆွေးနွေးကြသည်။

ရှင်းလင်းဆွေးနွေးချက်များအပေါ် ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာ ဖေမြင့်က နေပြည်တော်တွင် ရုပ်ရှင် ရိုက်ကူးရေး စတူဒီယိုနှင့် သင်တန်းကျောင်းတည်ထောင်ဖွင့်လှစ်နိုင်ရန်အတွက် ရုပ်ရှင်လောကမှ တတ်ကျွမ်း နားလည်သူများ အပါအဝင် အခြားဖိတ်ကြား သင့်သူများ ပါဝင်သည့်  အစည်းအဝေး တစ်ခု ထပ်မံ ဖိတ်ကြား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိဂုံးချုပ် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြန်ကြားရေး ဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူး၊ ဒုတိယ အမြဲတမ်း အတွင်းဝန်နှင့် သက်ဆိုင်ရာ ဝန်ကြီး ဌာနများမှ တာဝန်ရှိ သူများ တက်ရောက်ကြကြောင်း သိရသည်။

………………….

 

Read 119 times Last modified on Tuesday, 03 April 2018 08:59