SJ WorldNews - шаблон joomla Авто

မြန်မာ့သမိုင်းထဲက အင်းဝမြို့ဟောင်းနှင့် အင်းဝခေတ်ကို ထင်ရှားစေခဲ့သော လေးထပ် ကျောင်းကြီး

Wednesday, 21 February 2018 10:12 Written by  font size decrease font size decrease font size increase font size increase font size

မြန်မာ့သမိုင်းများတွင်  ထင်ရှားသော  ရှေးဟောင်းနယ်မြေတစ်ခုကို   ညွှန်ပြပါဆိုလျှင် အင်းဝမြို့ဟောင်းကို ညွှန်ပြရမည်ဖြစ်သည်။ အင်းဝမြို့ဟောင်းသည် ပြည်တွင်း ပြည်ပခရီးသွားများနှင့်   သမိုင်းပညာရှင်များ စိတ်ဝင်စားရာ အရပ်ဟုလည်း  ဆိုနိုင်သည်။

အင်းဝမြို့ဟောင်းသည်    မြန်မာနိုင်ငံ အလယ်ပိုင်း    မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့မှ  မြောက်ဘက် နှစ်မိုင်ကျော် ကွာဝေးသော ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီခေါ် မြစ်ငယ်မြစ်တို့ကြားတွင်   တည်ရှိသော ရှေးဟောင်းမြို့ကြီးဖြစ်ပြီး   မြို့ကွက်အနေအထားကို မော်ယွန်းချိုးအချိုးနှင့်  တညသည်ဟု သမိုင်းပညာရှင်များက ဆိုကြသည်။ ထို့ပြင် ရှေးမြို့များ၌ မော်ယွန်းချိုး၊ ခိုနန်းချိုး၊ မော်လိုင်းချိုး ဟူသော အသုံးနှုန်းဖြင့် တည်ခဲ့သည့်  အဆိုလည်းရှိသည်။  တချို့သော ရှေးလူကြီးများက မြို့ပုံဟန်သည် ခြင်္သေ့မင်း ရေဆင်းသောက်ဟန်ဟုလည်း ဆိုကြသည်။   ထို့ကြောင့်  အင်းဝမြို့အစ  သမိုင်းစဉ်ကို   ရှေးမှတ်တမ်းစာပေများ၌  ရှာဖွေမှတ်သားရာတွင် အင်းဝတည်စအခါနှင့်  အင်းဝ ကောင်းစားစဉ်အခါ ဟူ၍  တွေ့ရှိ မှတ်သားခဲ့ရသည်။

အင်းဝကို တစ်စီးရှင် သီဟသူမင်းမတိုင်မီ အဝဟု ခေါ်ခဲ့၏။ မြို့တည်အနေအထားကို ကြည့်လျှင် မြစ်သာချောင်းသည် ဧရာဝတီနှင့် ဒုဋ္ဌဝတီမြစ်နှစ်စင်းနှင့် ဆက်သွယ်လျက် ရှိပြီး ယင်းတို့၏ ကြားသုံးမြှောင့်ကျွန်းပေါ်၌ တည်ရှိနေ၍ သန်လျက်ပုံသဏ္ဌာန်ဖြစ်နေ ၏။ မန္တလေးမြို့နှင့် မိုင်  ၂ဝ ခန့်ကွာဝေး၍ ပင်လယ်ရေမျက်နှာပြင်အထက် ၂၈၅ ပေ အမြင့်တွင် တည်ရှိသည်။

မြို့တည်သက္ကရာဇ်ကို     တုတ်ခွန်သာ အင်းဝတည်ဟု ဆိုသောကြောင့်   မြန်မာသက္ကရာဇ်  ၇၂၆  ခုနှစ်ဟု  မှတ်ရမည်ဖြစ်သည်။

မြို့လုံခြုံမှုရှိစေရန်   တံခါးကြီးများပါ တည်ခဲ့၏။ ထိုတံခါးကြီးများမှာ  ကလေး၊ စံရာ၊ ဝင်းမနား၊ ကျော်ဘုံ၊ သာစည်၊ ဦးတည်၊ အောင်ထွန်း၊  မာန်အောင်၊  ခေါင်းဆေး ဟူသောအမည်ရှိပြီး   မြို့၏အရပ် လေးမျက်နှာတွင် အရှေ့ဘက်၌ ဇင်းမယ်၊ မုတ္တမ၊ မိုးကောင်း၊  စိတ္တကုဋ်အမည်ရသော တံခါး လေးပေါက်၊  အနောက်ဘက်၌  ဂန္ဓာလရာဇ်၊ ကျိုင်းရဲ၊ စန္ဒပူရီ၊ ကျိုင်းဂုန်းအမည်ရသော တံခါးလေးပေါက်၊  တောင်ဘက်၌ ကိုင်းမား၊ ဟံသာဝတီ၊  ဗျဉ်းတဲ၊  ကုန်းဘောင်အမည် ရသော တံခါးလေးပေါက်၊ မြောက်ဘက်၌ ဧရာဝတီမြစ်ကမ်းနှင့် တနင်္သာရီယိုးဒယား အမည်ရသော တံခါးနှစ်ပေါက်တို့ကို တည် ထားသောကြောင့်  မြို့တံခါး ၂၃ ပေါက် ရှိသော အင်းဝမြို့ကြီးအဖြစ် အလွန်ခိုင်မာ တင့်တယ်သော    အဝန်းအဝိုင်းနှင့်အတူ မြို့သူမြို့သားများအတွက် လုံခြုံမှု အားကောင်းသည့် မြို့ကြီးအဖြစ် စိတ်ကူးနှင့် ကြည့်မိလိုက်သော်လည်း ယနေ့အင်းဝ မြို့ကြီးသည်   မြို့ဟောင်းအဖြစ်   အိုအိုဟောင်းဟောင်းနှင့် မြို့တော်တံခါးကြီးများ  မရှိ၊ ကျုံးများမရှိ၊  သာသနိက အဆောက်အအုံများ ပျက်ယွင်းစပြုနေပြီဖြစ်ရာ အပြိုအပျက်များနှင့် ဝမ်းနည်းဖွယ် မြင်ကွင်းဖြစ်နေသည်။

သို့သော် မြန်မာတို့၏ ဂုဏ်ကျက်သရေဆောင် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် ရပ်တည်နိုင်သောကြောင့် ပြည်တွင်းပြည်ပမှ   လာရောက်လည်ပတ် လေ့လာသူများနှင့်  စည်ကားနေသည်ကို တွေ့ရသဖြင့် ဂုဏ်ယူမဆုံး ဖြစ်ခဲ့ရသည်။    ထို့ကြောင့်  ဆက်လက် ထိန်းသိမ်းပြုပြင်မှုများပြုလုပ်၍    အင်းဝမြို့ဟောင်းကြီးကို  ခရီးသွားများနှင့် မပြတ်စည်ကားစေလို ပါသည်။

သမိုင်းပညာရှင်များက အင်းဝမြို့ကို ခေတ်ငါးခေတ်တည် မြို့ကြီးအဖြစ် မှတ်တမ်း ထားခဲ့ရာ ပထမအင်းဝခေတ်သည် ခရစ်နှစ် ၁၃၆၄-၁၅၅၄ ခုနှစ်တွင် မင်းနေ ပြည်တော်အဖြစ် နှစ်ပေါင်း ၄၃ နှစ်ကြာ၍  မင်းဆက်မှာ ၁၇ ဆက်အထိဖြစ်ခဲ့၏။

ဒုတိယအင်းဝခေတ်ကို ခရစ်နှစ် ၁၅၉၇- ၁၇၅၁ ခုနှစ်အထိ ညောင်ရမ်းခေတ်အဖြစ် မင်းဆက် ၁ဝ ဆက်ဖြင့် တည်ခဲ့၏။ ခရစ် နှစ် ၁၇၅၂ ခုနှစ်တွင် အင်းဝမင်းဆက်ပြတ် သွားပြီး ခရစ်နှစ် ၁၇၆၅- ၁၇၈၃ ခုနှစ်ကို တတိယအင်းဝခေတ်ဟုခေါ်၏။ ကုန်းဘောင်မင်းဆက် တတိယမြောက်ဘုရင် မြေဒူးမင်းနှင့် မင်းဆက်သုံးပါး အုပ်ချုပ်ခဲ့၏။ စတုတ္ထအင်းဝ ခေတ်သည် ခရစ်နှစ် ၁၈၁၉-၁၈၄၇ ဟုဆို သော်လည်း ဘကြီးတော် စစ်ကိုင်းမင်းသည် ခရစ်နှစ် ၁၈၂၃ ခုနှစ်မှ ၁၈၃၇ ခုနှစ်အထိ အင်းဝနေပြည်တော်၌ နန်းစိုက်ခဲ့သည်ဟု ဆိုပြန်၏။ မည်သို့ပင်ဖြစ်စေ မှတ်တမ်းရှိ စတုတ္ထ အင်းဝခေတ်သည် တိုတောင်းပြီး မင်းဆက်တစ်ဆက်သာ ရှိခဲ့၏။ နှောင်းပိုင်း ကာလများကို အင်းဝ၏ ပဉ္စမခေတ်အခါဟု ညွှန်းဆိုထားပြီး မတည်ငြိမ်သော ပြည်ရေး ပြည်ရာများဖြင့် အင်းဝသည်လည်း မှေးမှိန် ခဲ့ရ၏။

အင်းဝမြို့ကြီးတည်စဉ်အခါက အတွင်းအပြင် ကျုံးနှစ်ထပ်ဖြင့် တည်ခဲ့ရာ ဧရာဝတီမြစ်ကို သဘာဝကျုံးအဖြစ်နှင့် ကျန်မြို့ရိုးကို တည်၍ မြို့ရိုးနှစ်ထပ်ဖြစ်ခဲ့၏။ အပြင်ဘက် မြို့ရိုးသည်   ပိုမိုခိုင်ခံ့ကြီးမားပြီး   လေးမိုင်ကျော် အကျယ်အဝန်းရှိ၍ အတွင်းမြို့ရိုး သည် အဝန်းတစ်မိုင်ခန့်သာ ရှိ၏။ အင်းဝ မြို့၏ အကျယ်မှာ တာပေါင်း ၂၇၅ဝ တာ ကျယ်ဝန်းသည်ဟု  မှတ်တမ်းများအရ သိရ သည်။

သမိုင်းထဲတွင် ထင်ရှားသော အင်းဝကို ရှေးယခင်က  အင်းကိုဖို့၍    တည်သော ကြောင့် အင်းနဝဟု ခေါ်ကြသော်လည်း နောင်အခါ အင်းဝဟု ခေါ်ကြောင်း မြန်မာ့ စွယ်စုံကျမ်း၌ ဖော်ပြထားသည်။ ထို့ကြောင့် အင်းဝမြို့တည် ဆက်စပ်အင်းများကို ရှာဖွေ လိုက်သောအခါ  ရေကြာအင်း၊   စနီးအင်း၊ ညောင်စောက်အင်း၊ ဝက်ဈေးအင်း၊ ဥနှဲအင်း၊ လင်းစံအင်း၊ အင်းမအင်း၊ ဘေးမဲ့အင်းနှင့် ဝမ်းဘဲအင်းဟု အင်းကိုးအင်းတွေ့ရသဖြင့် အင်းနဝဟုဆိုသည်။ တချို့မှတ်တမ်းများတွင် ငကျဉ်းအင်း၊  ကျောက်မော်အင်း၊  အင်းပူ အင်း၊ ဥန္နဲအင်းဟူသော အင်းလေးအင်းကို မြေဖို့၍ တည်ခဲ့သည်ဟု ဆိုသည်။

အင်းဝသည်   အမည်အမျိုးမျိုးရှိ၍ ရတနာပူရ  သန်လျက်ကျွန်း၊  သန်လျက်ခုံ ဟူသော  အမည်များနှင့်အတူ  မြစ်ဝတွင်တည်ထားသဖြင့် အဝဟု ခေါ်သော်လည်း   တစ်စီးရှင်သီဟသူမင်း လက်ထက်တွင် အင်းဝဟုသာ ခေါ်သည်။

ဤမျှ မြို့တည်ခိုင်မာသော အင်းဝတွင် ရှေးဟောင်းသမိုင်းဝင်များ ဖြစ်လာမည့် ရှေး ဟောင်းဘုရား စေတီပေါင်း ၃ဝဝ ကျော်လည်း ရှိသည်ဟု မှတ်သားရပြီး ထင်ရှားသော ရှေး ဟောင်းကျောင်းကြီးများအဖြစ်ရှိသော မယ်နု အုတ်ကျောင်း ခေါ် အောင်မြေဘုံစံကျောင်း (ဘုန်းတော်ကြီးကျောင်း)၊ ကျွန်းတိုင်ကြီးများနှင့် ဗားကရာကျောင်းတိုက်၊ အင်းဝလေးထပ် ကျောင်းကြီးများသည် ယနေ့တိုင်ရှိနေသော်လည်း မြို့ပျက်များရှိသည်။ ထိုကျောင်းကြီး များထဲတွင် အင်းဝလေးထပ်ကျောင်းကြီးမှာ အတော်ပင်ပြိုပျက်နေပြီဖြစ်၏။

သို့ပါ၍ များလှစွာသော ဘုရားစေတီများ၏ သမိုင်းကြောင်းများထက် ယနေ့ယခု အင်းဝသို့ရောက်ခိုက်တွေ့မြင်ရသော အင်းဝမြို့တည် သက်တမ်းနှင့် အပြိုင်ရှိသော လေးထပ်ကျောင်းကြီး၏    ကျောင်းတည် သမိုင်းကို လေ့လာခဲ့ရသည်။ ကာလ၊  ဒေသ၊ သဘာဝဒဏ်ဖြင့် ပြိုပျက်ရာမှ အုတ်ပုံတမျှ ဖြစ်နေသော ကျောင်းကြီးကို ဦးစွာလေ့လာ သင့်သည်ဟု ယူဆမိသောကြောင့် လေ့လာ မိခြင်းဖြစ်သည်။

အင်းဝမြို့၏   ဒုတိယအင်းဝခေတ်ဖြစ် သော ညောင်ရမ်းခေတ်တွင်  ၁ဝ ဧကခန့် ကျယ်ဝန်းသည့်    အဝန်းအဝိုင်းကုန်းမြင့် မြေသားတွင် အုတ်ဂန္ဓကုဋိတိုက် အမျိုးအစား နှင့် လေးထပ်ကျောင်းကြီး တစ်ကျောင်းကို ညောင်ရမ်းမင်းက တည်ထားခဲ့၏။ စတုတ္ထအင်းဝခေတ်တွင် ဘကြီးတော်စစ်ကိုင်းမင်းက ပြန်လည်ပြုပြင်ခဲ့၏။ ထိုစဉ်အခါက ကျောင်း ကြီးကို ပေ ၂ဝဝ ပတ်လည်စတုရန်းပန္နက် ပေါ်တွင် ပေ ၉ဝ အမြင့်ဖြင့်  ပြန်လည်တည် ထားခဲ့ခြင်းဖြစ်သည်။ ရှေးဟောင်းကျောင်း ကြီးဖြစ်၍ အထူးကြပ်မတ် ပြုပြင်ခဲ့သောကြောင့်   လေးထပ် အုတ်ကျောင်းကြီးကို  စိန်တောင်သုံးဆင့် ကာရံထားပြီး စိန်တောင် ပတ်လည်တွင် တင်းပုတ်ကိုင်ဘီလူးရုပ်ကြွများ၊  အင်္ဂတေဖြင့်ခြယ်သထားသော ပန်းနွယ် ပန်းခက်များ၊ စိန်တောင်များကြားမှ လျှောက် လှမ်းသည်လည်း   အလွန်နှမြောတသဖွယ် ကောင်းလှ၏။ ပြိုပျက်နေပြီဖြစ်သော်လည်း အထင်အရှားရှိနေဆဲ လေးမျက်နှာသော မုခ်ပေါက်များတွင်   တံကဲပန်းဆိုင်းများနှင့် အင်္ဂတေ ရုပ်လုံးရုပ်ကြွများကို တွေ့ရသည်။ အထက်ဘက်အမိုးစွန်း ပတ်လည်တွင် ရှေးဗိသုကာပညာရှင်များ၏ စိတ်ကူးဉာဏ်အားကို  တွေ့မြင်ရရာ  ယခုခေတ်တွင်  ထို လက်ရာရှင်များနှင့် မြန်မာတို့၏ သာသနိက ကျောင်းကြီးတစ်ဆောင်  ဆောက်ရသော်  ကောင်းလေစွဟု  စိတ်ကူးလိုက်မိသည်။

အင်းဝဒုတိယခေတ် ညောင်ရမ်းခေတ်၏ သမိုင်းမှတ်တမ်းဝင် လေးထပ်ကျောင်းကြီး သက်တမ်းသည် ကျောင်းတည်စ  ခရစ်နှစ် ၁၅၉၇ ခုနှစ်မှ ယနေ့ ရောက်ရှိသော ခရစ် နှစ်တွင်  သက်တမ်းနှစ်ပေါင်း ၄ဝဝ ကျော် ဖြစ်နေသော်လည်း တချို့နေရာများတွင် ရှေးမူမယွင်း   မပျက်ရှိသေးသောကြောင့် ဆက်လက်ထိန်းသိမ်းနိုင်လျှင် ကောင်းမည်ဟု တွေးမိသည်။

နှောင်းပိုင်းကာလတွင် သားတော် သာလွန်မင်းသည် လေးထပ်ကျောင်းတော်ကြီးတွင် အရံကျောင်း ၄ဝ လှူဒါန်း၍ မီးတားတံတိုင်း များကို မြို့ရိုးသဖွယ်ခိုင်ခံ့စွာ တည်ဆောက် ခဲ့သော်လည်း ခရစ်နှစ် ၁၆၄၈ ခုနှစ်နောက်ပိုင်း ပင်းတလဲမင်း လက်ထက်တွင် မီးလောင် ပျက်စီးသဖြင့် ကုန်းဘောင်ခေတ် ဘကြီးတော် စစ်ကိုင်းမင်းလက်ထက်တွင်  မူလအင်းဝ လေးထပ်ကျောင်းကြီးနေရာ၌ပင်  မီးတား အရံတံတိုင်း နှစ်ထပ်ကာရံ၍ လေးမျက်နှာ မုခ်ပေါင်းကူး ဘုံခုနစ်ဆင့်ရှိသည့်   အုတ်ပြာသာဒ်ကို တည်ဆောက်ခဲ့သည်ဟုလည်း မှတ်သားရသည်။

စည်ပင်မှု အားနည်းသွားသော  အင်းဝဝန်းကျင်တွင်  မှီခိုနေထိုင်သူများလည်း နည်းသွားခဲ့သည်။  သို့သော်  မြန်မာတို့၏ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့   လာ ရောက်လေ့လာလည်ပတ်သော  ပြည်တွင်း ပြည်ပခရီးသွားများ  အရောက်များသည်မှ အစပြု၍   ဒေသတွင်း   လူမှုအကျိုးပြု လုပ်ငန်းများ ပိုမိုလုပ်ကိုင်လာနိုင်ခြင်း၊ သွား လာလည်ပတ်နိုင်သောနေရာများရှိလာ၍ အနှေးယာဉ်၊ လှေလုပ်သားများ  အလုပ် အကိုင်အခွင့်အလမ်းများ  တိုးတက်လာ ခြင်း၊ ဒေသအစားအစာများ ရောင်းချလာ နိုင်ခြင်းကြောင့် ရောင်းသူဝယ်သူများနှင့် သွားလာ လည်ပတ်သူများ စည်ကားလာခြင်းများကို   အကြောင်းပြု၍  အင်းဝမြို့ဟောင်း နယ်မြေသည်   တစ်ဖန်သာယာ စိုပြည်လာ ပြီဖြစ်သည်။

အင်းဝမြို့ဟောင်းယဉ်ကျေးမှု နယ်မြေတွင် အထူးထိန်းသိမ်ြး ကပ်မတ်ထားသော နန်းမြင့်မျှော်စင်ကို ရောက်သည့်အခေါက် တိုင်း မတက်ဖြစ်ခဲ့သော  စာရေးသူအတွက် ဝမ်းနည်းစွာဖြင့်   မျှော်စင်ကိုခေါင်းမော့ ကြည့်ခဲ့မိသည်ကိုလည်း အမြဲအမှတ်တရဖြစ် နေတော့မည်ဖြစ်သည်။ နန်းမြင့်မျှော်စင်ကြီးများ ခိုင်ခံ့စွာ ရှေးမူမပျက်ပြုပြင်ပြီးလျှင်ဆို သောအတွေးနှင့်  အင်းဝမြို့ဟောင်းခရီးစဉ် ကို တမ်းတလွမ်းဆွတ်နေ၍ သမိုင်းဝင်သည့် မြို့ဟောင်းကြီးသို့  သွားရောက် လည်ပတ် လေ့လာရန်   တိုက်တွန်း ရေးသားလိုက်ရပါသည်။   

 မြမဉ္ဇူဝေ(ကျုံမငေး)

Read 95 times
Rate this item
(0 votes)
Last modified on Wednesday, 21 February 2018 10:15