Friday, 04 March 2016 15:21

ကလေး ဖြည့်စွက်စာ ကျွေးခြင်း

Written by 
Rate this item
(0 votes)

မွေးခါစ အရွယ်မှ အသက်ခြောက်လ အထိ မိခင်နို့သာ တိုက်ကျွေးသင့်တယ်။

မိခင်နို့က ဝမ်းလျှောရောဂါ၊ လတ်တလော အသက်ရှူလမ်းကြောင်း ရောဂါတွေကို ကာကွယ်နိုင်တယ်။ အသက်ခြောက်လ ပြည့်တဲ့အထိ မိခင်နို့ရည် တစ်မျိုးတည်းကသာ ကလေးအတွက် အာဟာရ အပြည့်အဝ ရရှိစေတယ်။

မိခင်နို့ရည် တိုက်ကျွေးတဲ့ ကလေးတွေက နှင်းခူ၊ ယားနာ မဖြစ်ဘူး။ ကလေး အသက်ခြောက်လ ပြည့်ပြီးရင်လည်း မိခင် နို့ကို နေ့ရောညပါ  ကလေးနို့ဆာတိုင်း တိုက်ရမယ်။ မိခင်နို့ရည်က ကလေး အသက်နှစ်နှစ်အထိ အရေးကြီး တဲ့အာဟာရ ဖြစ်တယ်။ အသက်ခြောက်လမှ တစ်နှစ်အတွင်း ကလေးကို ဖြည့်စွက်စာ ကျွေးတဲ့အခါ မိခင်နို့ကို အရင်စို့စေပြီးမှ ကျွေးသင့်တယ်။ အသက် ခြောက်လကျော်တဲ့ ကလေးကို ဗီတာမင် အေဆေးလုံး တစ်နှစ်နှစ်ကြိမ် တိုက်ကျွေးဖို့ လိုပါတယ်။ ဖြည့်စွက်စာ အဖြစ် ပျော့တဲ့ အစာကို တစ်နေ့ ထမင်းစားဇွန်း တစ်ဇွန် ကနေ နှစ်ဇွန်းအထိ တစ်နေ့ သုံးကြိမ် ကျွေးရမယ်။ တဖြည်းဖြည်း အကြိမ်ရေနဲ့ ပမာဏ တိုးပြီး ကျွေးသင့် ပါတယ်။ ဖြည့်စွက်စာကို မိခင်နို့၊ မြေပဲမှုန့်နဲ့ အသီးအနှံများ ထည့်ကျွေး သင့်သည်။ အသား၊ ငါးနဲ့နို့ စတာတွေကို ဖြည့်စွက်စာ အနေနဲ့ မကြာမကြာ ထည့်ကျွေးရမယ်။ အစာ စုံလင်အောင် ကျွေးဖို့ လိုတယ်။ ကလေးစားတဲ့ အစာမှာ တစ်နေ့လျှင် ဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်ထက် မပိုဘဲ ထည့်ကျွေးဖို့ လိုတယ်။ အစားအစာ မပြင်ဆင်မီနဲ့ အစာကျွေးခါနီးမှာ လက်ကို ရေ၊ ဆပ်ပြာတို့နဲ့ စက္ကန့် ၂ဝ ကျော်ကြာ ဆေးကြော ရမယ်။ ကလေးလက်ကိုလည်း ဆေးပေးရမယ်။ ကလေး အညစ်အကြေး ကိုင်ပြီးတိုင်း၊ သန့်စင်ခန်း ဝင်ပြီး တိုင်းနဲ့ အစာကျွေးပြီးတိုင်း လက်ဆေး သင့်ပါတယ်။ ပန်းကန်ခွက်ယောက်ကို သန့်ရှင်းတဲ့ရေ၊ ဆပ်ပြာတို့နဲ့ စင်ကြယ်အောင် ဆေးပြီး အသုံးမပြုမီ ဖုံးအုပ် ထားသင့်ပါတယ်။ ကလေး အစာပြင်ဆင်တဲ့ နေရာမှာ သန့်ရှင်း ရမယ်။ အစာမကျွေးမီ ဖုံးအုပ် ထားရမယ်။ ကလေးစားတဲ့ ပန်းကန်တွေကို သီးသန့် ထားရမယ်။ အစားအစာ ပြင်ဆင်ပြီး တစ်နာရီထက် ပိုကြာတဲ့ အစာကို ပြန်ကျွေးရင် ပွက်ပွက်ဆူအောင် နွှေးပြီးမှ ကျွေးရမယ်။ ကလေးဟာ အသက်ရလာရင် သူ့အလိုလို ယူစားတတ် လာပါတယ်။ လူကြီးတွေက ကလေး အစာစားတဲ့ အခါ လုံလောက်မှု ရှိ၊ မရှိ ကြည့်ရမယ်။ ခြောက်လ အရွယ်မှာ ဖြည့်စွက်စာ ဖြစ်တဲ့ ဆန်ပြုတ် သို့မဟုတ် ခြေထားတဲ့ အစာပျော့ကို စတင် ကျွေးလို့ ရပါပြီ။ ထမင်းစားဇွန်း နှစ်ဇွန်းမှ သုံးဇွန်းအထိ ကျွေးနိုင်တယ်။ သရေစာကို တစ်ကြိမ်မှ နှစ်ကြိမ် ကျွေးနိုင်တယ်။ ထမင်းစားဇွန်း နှစ်ဇွန်းမှ သုံးဇွန်း ဇောက်ပန်းကန် တစ်ဝက် ကျွေးနိုင်ပါတယ်။ အသက် တစ်နှစ်မှ နှစ်နှစ်အထိ မိသားစု ထမင်းဝိုင်းက အစာကို သုံးကြိမ်မှ လေးကြိမ်၊ သရေစာကို တစ်ကြိမ်မှ နှစ်ကြိမ်အထိ ဇောက်ပန်းကန်လုံး တစ်လုံး ကျွေးရမယ်။ အသက် ခြောက်လမှ နှစ်နှစ် အထိကို မိခင်နို့ ဆက်လက် တိုက်ကျွေးရမယ်။ မိခင်နို့ မတိုက်ကျွေးရင် တစ်နေ့ နို့နှစ်ခွက် (၅ဝဝ မီလီလီတာ) တိုက်ရမယ်။ ကလေးကို လက်ဖက်ရည်၊ ကော်ဖီ၊ ဆိုဒါပါတဲ့ အချိုရည်တွေ မတိုက်သင့်ပါဘူး။ သစ်သီးဖျော်ရည် လျှော့တိုက်ရမယ်။

ဒေါက်တာလွင်သန့် (ဆေး-၂)

 

 

 

Read 736 times Last modified on Friday, 04 March 2016 15:25

Latest from ရွှေတည်