Friday, 08 January 2016 12:37

ဘီတာမင်ဘီဝမ်း ချို့တဲ့ရောဂါ

Written by 
Rate this item
(0 votes)

ဘီတာမင် ဘီဝမ်း ချို့တဲ့တဲ့ရောဂါဟာ နို့တိုက် မိခင်များ၊ နို့စို့ ကလေးများ၊ အသက် ခြောက်လမှ တစ်နှစ်အတွင်း ကလေးများ၊ တစ်နှစ်မှ ငါးနှစ်အတွင်း ကလေးများ၊ အရက်သောက်သူများနဲ့ ကင်ဆာရောဂါ ဝေဒနာရှင်တွေမှာ အဖြစ် များပါတယ်။

ဗီတာမင် ဘီဝမ်း တိုက်ကျွေးခြင်းကို ပညာပေးလုပ်ငန်း အနေနဲ့ တွဲပြီး လုပ်ဆောင် သင့်ပါတယ်။

ဗီတာမင် ဘီဝမ်း ချို့တဲ့ခြင်း

နေ့စဉ် စားသုံးတဲ့ အစားအစာမှာ ပါဝင်တဲ့ ဗီတာမင် ဘီဝမ်း ပမာဏဟာ ဖြူဖွေးအောင် ကြိတ်ထားတဲ့ ဆန်ဖြူကို စားသုံးခြင်း၊ အထပ်ထပ် ရေနဲ့ဆေးခြင်း၊ ထမင်းရည်ငှဲ့ချက်ခြင်း၊ ဗီတာမင်ဘီဝမ်း ကြွယ်ဝတဲ့ အသား၊ ပဲ စတာတွေ လုံလောက်အောင် စားသုံးမှု မရှိခြင်း၊ နို့တိုက်မိခင်များ အစားရှောင်ခြင်း၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများ အချိန်ကြာမြင့်စွာ သိုလှောင်ထားခြင်း၊ ဗီတာမင်ဘီဝမ်းကို ဖျက်ဆီး နိုင်စွမ်းရှိတဲ့ သိုင်ယာမင်းနေ့ အင်ဇိုင်းများ ပါဝင်တဲ့ ငါး၊ ပုစွန်တို့ စားသုံးခြင်း၊ အရက်နဲ့ မူးယစ်ဆေးဝါး နေ့စဉ် သောက်သုံးခြင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ သိုင်းရွိုက်ဂလင်း ပုံမှန် မရှိဘဲ အလုပ် လုပ်နေတဲ့ ရောဂါ ဝေဒနာရှင်များမှာ ဘီဝမ်းချို့တဲ့ တတ်ပါတယ်။

ရောဂါလက္ခဏာများ

ဗီတာမင်ဘီဝမ်း ချို့တဲ့ရတဲ့ ရောဂါလက္ခဏာ သုံးမျိုး ရှိပါတယ်။ ထုံနာခြောက်၊ ထုံနာစိုနဲ့ သူငယ်နာ ဘယ်ရီဘယ်ရီ ဆိုပြီး ရှိပါတယ်။ ထုံနာခြောက် ရောဂါမှာ အာရုံကြော အဖွဲ့အစည်း ထိခိုက်မှုကြောင့် အာရုံကြောများ ရောင်ခြင်း၊ အားနည်းခြင်း၊ ခြေသလုံး ကြွက်သားများ၊ ခြေလက်များ နာခြင်း၊ ခြေလက်များ ထုံခြင်း၊ ကျဉ်ခြင်း၊ ပူခြင်း၊ ကြွက်သားများ အားနည်းချည့်နဲ့ခြင်း၊ လမ်းလျှောက်ရာမှာ ကိုယ်အနေအထား မှန်အောင် ထိန်းမထားနိုင်ခြင်း၊ မူးဝေခြင်းနဲ့ ထိခိုက်မိပါက အနာကျက်ရန် ခဲယဉ်းခြင်းတို့ ဖြစ်တတ်ပါတယ်။

ထုံနာစို ရောဂါမှာ နှလုံး ထိခိုက်မှုကြောင့် နှလုံး ကြီးလာခြင်း၊ သွေးခုန်နှုန်း မြန်ခြင်း၊ မောပန်း လွယ်ခြင်း၊ အသည်း ကြီးခြင်း၊ အဆုတ်သွေးကြောများ ရောင်ခြင်း၊ ဖောရောင်ခြင်း၊ နှလုံးအားနည်းခြင်းတွေ ဖြစ်နိုင် ပါတယ်။ သူငယ်နာ ဘယ်ရီဘယ်ရီ ရောဂါဟာ အသက် တစ်လမှ ခြောက်လအရွယ် နို့စို့ကလေးတွေမှာ ဖြစ်တတ်ပါတယ်။ သူငယ်နာ ဘယ်ရီဘယ်ရီ ဖြစ်ရင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းပျက်ခြင်း စတဲ့ လက္ခဏာ မရှိဘဲ ၂၄ နာရီမှ ၄၈ နာရီအတွင်း ရုတ်တရက် သေဆုံး တတ်ပါတယ်။ သူငယ်နာ ဘယ်ရီဘယ်ရီကို အသံဝင်တတ်တဲ့ အမျိုးအစား၊ နှလုံးထိခိုက်တဲ့ အမျိုးအစားနဲ့ ဦနှောက် အမြှေးရောင် ရောဂါမှာ တွေ့ရတယ်။

ကြိုတင်ကာကွယ်ခြင်း 

အာဟာရ ပြည့်ဝအောင် လျှော့ကြိတ်ဆန်၊ ဆန်လုံးညို၊ ပြုတ်ဆန်ကို စားသုံးသင့်ပါတယ်။ ပြုတ်ဆန်ဆိုတာ ဆန်ကို မကြိတ်မီ ရေနွေးနဲ့ စိမ်ခြင်း သို့မဟုတ် ရေနွေးငွေ့ပေးခြင်း ပြုလုပ်ရမယ်။ ဆန်အပေါ်လွှာမှ ဗီတာမင် ဘီဝမ်းဓာတ်များဟာ ရေနွေး သို့မဟုတ် ရေနွေးငွေ့နဲ့ အတူ ဆန်စေ့ အတွင်းပိုင်းကို စိမ့်ဝင်သွားမယ်။ အဲဒီနောက်  အခြောက်လှန်းခြင်း၊ ကြိတ်ခြင်းဖြင့် ဆန်စေ့အတွင်းပိုင်း ရောက်တဲ့ ဗီတာမင် ဘီဝမ်းများ ဆုံးရှုံးမှု လျော့နည်း စေတယ်။ ယခင်က လုံးတီးဆန်မှာ ဖွဲကို အကုန်မထုတ်ဘဲ ချက်စားတဲ့ဆန်မျိုး ဖြစ်လို့ အာဟာရ ဖြစ်စေတယ်။ ဆန်ကို အထပ်ထပ် ဆေးကြောခြင်းမှ ဆင်ခြင် သင့်တယ်။ ထမင်းရေငှဲ့ မချက်ဘဲ ရေခန်း ချက်စားသင့်တယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ ဘီဝမ်း တစ်ရက် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လိုအပ်သလို ကျွေးသင့်တယ်။

ပဲအမျိုးမျိုး၊ ပဲပုပ်၊ မြေပဲ၊ ပဲစင်းငုံ၊ အသား အမျိုးမျိုး၊ ဂျုံ၊ ဆန်စတဲ့ ကောက်ပဲသီးနှံများ သစ်ဥ၊ သစ်ဖု အမျိုးမျိုး၊ ဟင်းသီးဟင်းရွက် အမျိုးမျိုး သစ်သီး အမျိုးမျိုးမှာ ဗီတာမင် ဘီဝမ်း အပြည့်အဝ ပါဝင်ပါတယ်။

 

 

 

Read 729 times Last modified on Friday, 08 January 2016 12:41

Latest from ရွှေတည်