Monday, 10 October 2016 13:10

သဘာဝ ဆေးဖက်ဝင် ပိုးဆေး နွယ်ရှင် အကြောင်း သိကောင်း စရာ

Written by 
Rate this item
(0 votes)

သဘာဝ ဆေးဖက်ဝင် ပိုးဆေးနွယ်ရှင်အကြောင်း သိကောင်း စရာများကို  မြဝတီ စာဖတ် ပရိသတ်များ သိရှိစေရန်

 ဒေါက်တာ ခင်မောင်လွင်(FAME)နှင့်   မြဝတီအဖွဲ့ တွေ့ဆုံမေး မြန်း မှုများကို ဖော်ပြလိုက်ပါသည်-

မေး။ ဆရာခင်ဗျာ။ အခုနောက်ပိုင်းမှာ လူအများ စိတ်ဝင်စားနေတဲ့ ကချင်ပြည်နယ် ရေခဲ တောင် ဒေသကနေ ထွက်ရှိတဲ့ သဘာဝဆေးဖက်ဝင် ''ပိုးဆေးနွယ်ရှင်'' အကြောင်းကို မေးချင် ပါတယ်။ ပထမဆုံး အနေနဲ့ ပိုးဆေးနွယ်ရှင်ဟာ အပင်လား၊ သတ္တဝါလားဆိုတာ ကွဲပြားအောင် ပြောပြပေးပါဆရာ။

ဖြေ။ ပိုးဆေးနွယ်ရှင်ဟာ  အပင်နဲ့ သတ္တဝါ နှစ်မျိုးပေါင်းစပ်ထားတဲ့ သဘာဝ ဆေးဖက်ဝင် ပစ္စည်းတစ်ခုဖြစ်ပါတယ်။ သူ့ကို ဆောင်းပိုးနွေမြက်(Summer worm winter grass) လို့ တရုတ်ပြည်မှာ လူသိများပါတယ်။ သိပ္ပံနည်းကျ ခေါ်တာကတော့ Cordyceps ဖြစ်ပါတယ်။ အင်္ဂလိပ်လိုကတော့ Caterpillar fungus လို့ခေါ်ပါတယ်။  Caterpillar ဆိုတာကတော့ လိပ်ပြာမဖြစ်ခင် ပိုးတုံးလုံး ဘဝဖြစ်ပြီး fungus ကတော့ မှိုဖြစ်ပါတယ်။ ဒါ့ကြောင့် သူဟာ လိပ်ပြာဖြစ်မယ့် ပိုးတုံးလုံး (Larva) ပေါ်မှာ တွယ်ကပ် ပေါက်ရောက်တဲ့မှို (Fungus) လို့ ပြောနိုင်ပါတယ်။ ကချင်ပြည်နယ်မှာတော့ ရှီးပတီးလို့ လူသိများပါတယ်။

မေး။ ကမ္ဘာပေါ်မှာ ပိုးဆေးနွယ်ရှင်ကို ဘယ်နိုင်ငံ၊ ဘယ်ဒေသတွေမှာ တွေ့နိုင်ပါသလဲဆရာ။

ဖြေ။ အများဆုံး တွေ့နိုင်တဲ့ဒေသကတော့ တိဗက်ကုန်းမြင့်ဒေသ (Tibet plateau) မှာ ပါဝင် နေတဲ့ တိဗက်၊ နီပေါ၊ ဘူတန်နဲ့ တရုတ်ပြည် အနောက်တောင် ပိုင်း ဒေသတွေဖြစ်ပါ တယ်..မြန်မာနိုင်ငံမှာတော့ ကချင်ပြည်နယ်မြောက်ဖျား ရေခဲတောင် ဒေသမှာတွေ့နိုင်ပါ တယ်။ အဓိကကတော့ ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၃ဝဝဝ ကျော်တဲ့ ဒေသတွေ မှာသာ  တွေ့ရှိနိုင်လို့ အလွန်ရှားပါးတဲ့ သဘာဝဆေးဖက်ဝင် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

မေး။ အဲ့ဒီဒေသတွေမှာ ဘယ်လိုမျိုး ရှင်သန် ရပ်တည်သလဲဆိုတာလည်း သိပါရစေ ဆရာ။

ဖြေ။ သူ့ရဲ့ဘဝဖြစ်စဉ်ဟာ အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပထမဆုံး အနေနဲ့ ရင့်မှည့် နေတဲ့ မှိုလေးတွေမှာ စပိုး( Spore) လို့ခေါ်တဲ့ ဝတ်မှုန်လေးတွေ ရှိပါတယ်။  အဲ့ဒီ ဝတ်မှုန် လေးတွေဟာ အထူးသဖြင့်  Late Autumn မှာ လေတိုက်တဲ့အတွက် လေနဲ့အတူ တခြား နေရာတွေကို လွင့်စဉ်သွားပါတယ်။ အဲ့ဒီအချိန်မှာ လိပ်ပြာဖြစ်ဖို့ တာစူနေတဲ့ ပိုးတုံးလုံး (Larva of Caterpillar) လေးတွေဟာ အရေခွံလဲနေတဲ့ အချိန်နဲ့ တိုက်ဆိုင်ခဲ့ရင် သူတို့ခန္ဓာကိုယ် ပေါ်မှာ မှိုဝတ်မှုန်လေးတွေဟာ တွယ်ကပ်သွားပါတယ်။ ပိုးကောင်က စစ်ထုတ်လိုက်တဲ့ အရည် တစ်မျိုးနဲ့ ဓာတ်ပြုပြီး ခုနက မှိုဝတ်မှုန်လေးတွေဟာ မှိုပေါက်စလေးတွေအဖြစ် ပေါက်လာပြီး ခန္ဓာကိုယ်ထဲကို ထိုးဖောက် ဝင်ရောက်ပါတယ်။ အဲ့ဒီအခါမှာ ပိုးတုံးလုံးကောင်ဟာ အင်မတန်မှ ယားယံလာတဲ့အတွက် လွတ်ရာလွတ်ကြောင်းထွက်ပြေးပါတယ်။ အဲ့ဒီလိုပြေးရင်းနဲ့ပဲ မှိုဟာ တဖြည်းဖြည်း ကြီးလာပြီး ခေါင်းကနေ အတောင့်လိုက် ထွက်လာပါတယ်။ အဲ့ဒီမှိုဟာ ပိုးတုံး လုံး ကောင်ရဲ့ခန္ဓာကိုယ်ထဲက  အာဟာရတွေကို စားသုံးပြီး ကြီးလာလိုက် တာ ခေါင်းထိပ် ကနေ အရှည် ၂ လက်မလောက်လည်း ရောက်ရော ပိုးတုံးလုံးကောင်ဟာ အားအင်ကလည်း ပြတ်၊ ဆက်လည်း မပြေးနိုင်တော့ဘဲ မြေကြီးထဲမှာနေပြီး   မကြာခင် သေဆုံးပါတယ်။ ဆောင်း တွင်း တစ်ခုလုံး မြေကြီးထဲမှာပဲ နေရင်း မှိုဟာ ပိုးတုံးလုံးရဲ့ အာဟာရ အားလုံးကို အသုံးပြုပြီး တဖြည်းဖြည်း ကြီးထွားလာပါတယ်။ ဒီလိုနဲ့ ခြောက်နှစ်လောက် ကြာတဲ့အခါ ပိုးတုံးလုံးဟာ မာကျောပြီး ခြောက်သွားပါတယ်။ Mummified ဖြစ်တယ်လို့ ခေါ်ပါတယ်။ အဲ့ဒီအခါမှာ မှို အချောင်းလေးဟာ မြေကြီးပေါ်ကို ၃-၄ လက်မ လောက်အထိ ထိုးထွက်ပြီး ဆက်လက်ရှင် သန် သွားပါတယ်။

မေး။ စိတ်ဝင်စားစရာပါပဲဆရာ..သူ့ကိုဆေးဖက်ဝင် ပစ္စည်းအနေနဲ့ အသုံးပြုကြတယ်ဆိုတော့ ဘယ်လို ရောဂါမျိုးအတွက် သုံးတယ်ဆိုတာရယ်၊ ဘယ်တုန်းက စသုံးတယ်ဆိုတာလည်း သိပါရစေ။

ဖြေ။ တရုတ်ရိုးရာ တိုင်းရင်းဆေးပညာမှာ စတင်သုံးခဲ့တဲ့ မှတ်တမ်းအနေနဲ့ ၁၇၅၇ ခုနှစ် ချင် မင်း ဆက်(Qing Dynasty) မှာ စတင်သုံးခဲ့တယ်လို့ သိရပါတယ်။  အဲ့ဒီ တုန်းကတော့ အလွန် ရှားပါးပြီး အစွမ်းထက်တဲ့အတွက် ရှာဖွေတွေ့ရှိသူတွေက ဧကရာဇ် ဘုရင်ကိုသာ ဆက်သရ တယ်လို့ဆိုပါတယ်။ အဓိကအနေနဲ့ အဆုတ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ နှလုံးရောဂါ အပါအဝင် ကာမအားတိုးဆေးအဖြစ်ပါ ရည်ရွယ်ပြီး သုံးခဲ့ကြတာကိုတွေ့ရပါ တယ်။  နောက်ပိုင်းကျတော့ သိပ္ပံနည်းကျ လေ့လာခဲ့ပြီး ပိုမိုစနစ်တကျ သုံးစွဲလာကြတာတွေ့ ရပါ တယ်..

မေး။ ပိုးဆေးနွယ်ရှင်မှာ ဘယ်လိုမျိုးဓာတ်ပစ္စည်းတွေပါလို့ အခုလိုဆေးဖက်ဝင်ရတယ် ဆိုတာ လည်းသိပါရစေ။

ဖြေ။ သူဟာ အပင်နဲ့ သတ္တဝါ နှစ်မျိုးပေါင်းစပ်ထားလို့ ထူးခြားတဲ့ေ ဆးဖက်ဝင် ဓာတ်ပစ္စည်း တွေ ပါဝင်နေတာ တွေ့ရပါတယ်။  အဓိကအနေနဲ့- (၁) ပရိုတင်း  - အမိုင်နိုအက်စစ် အားလုံး ပါဝင်ပါတယ်။ (၂) ကာဗိုဟိုက်ဒြိတ်- ဆေးဖက်ဝင်ပေါ်လီ ဆက်ခရိုက်နဲ့ အော်လီဂိုဆက်ခရိုက် တွေ ပါဝင်ပါတယ်။ (၃) အဆီဓာတ် -ဖက်တီးအက်စစ် ၂၈ မျိုး ပါဝင်ပါတယ်။ (၄) နျူကလစ် အက်စစ်- နျူကလီယိုဆိုက် ၁၁ မျိုးပါဝင်ပါတယ်..အဲ့ဒီအထဲမှာ ကော်ဒီဆက်ပင်းကတော့ အထင်ရှားဆုံးဖြစ်ပါတယ်။ (၅) စတီရောအုပ်စု - အာဂိုစတီရော ၊ ဘီတာစိုက်တိုစတီရော နဲ့ ကင်ပီစတီရောတွေပါဝင်ပါတယ်။ (၆) ဗီတာမင်တွေဖြစ်တဲ့ ဘီ ၁ ၊ ဘီ ၂ ၊ ဘီ ၁၂၊ ဗီတာမင်အီး နဲ့ ကေ တို့ ပါဝင်ပါတယ်။ (၇) သတ္တုဓာတ် (Mineral) အနေနဲ့ K+, Na+, Ca++, Mg++, Fe++, Cu++, Zn+, Se+  စတာတွေ ပါဝင်ပါတယ်..ဒါ့ကြောင့် သူဟာ အာဟာရဓာတ် အနေနဲ့ ကြွယ်ဝသလို ဆေးဖက်ဝင် ဓာတ်ပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်နေတယ်လို့ ပြောနိုင်ပါတယ်။

မေး။ ပိုးဆေးနွယ်ရှင်ဟာ ကင်ဆာရောဂါကို ကာကွယ်တိုက်ဖျက် နိုင်တယ်လို့ ကချင်ပြည် နယ်မှာ နာမည်ကြီး နေပါတယ်ဆရာ..အဲ့ဒါနဲ့ ပတ်သက်လို့ သိပံ္ပနည်းကျ လေ့လာထားတာ တွေရှိရင်လည်း သိပါရစေ။

ဖြေ။ မှန်ပါတယ်။ ကချင်ပြည်နယ်မှာတော့ ပိုးဆေးနွယ်ရှင်ကို ကင်ဆာ ရောဂါကာကွယ် ကုသ ဖို့ဆိုပြီး အသုံးပြုနေကြတာ ဟိုးအရင်ကတည်းကနေ ဒီကနေ့ အထိပါပဲ။ ဒါပေမဲ့ သိပံ္ပနည်းကျ လေ့လာထားတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မရှိပေမယ့်။ နိုင်ငံတကာမှာတော့  လေ့လာမှု တွေ အတော်လေး ခိုင်ခိုင်မာမာ ရှိပါတယ်။  သူ့မှာပါဝင်တဲ့ Cordy Cepin ဆိုတဲ့ ဓာတ်ပစ္စည်း ကြောင့်လို့လည်းသိရပါတယ်။ Cordycepin ဟာ နျူကလစ်အက်စစ် တစ်မျိုးဖြစ်ပြီး DNA Structure မှာ ပါဝင်တဲ့ Adenosine နဲ့ပုံသဏ္ဌာန်တူပါတယ်။  သူ့မှာ အောက်ဆီဂျင် မော်လီ ကျူးတစ်လုံး လွတ်နေတာပဲ ကွာပါတယ်။  အဲ့ဒီတော့ ကင်ဆာဆဲလ်ရှိတဲ့သူကို ပေးလိုက်ရင် ကင်ဆာဆဲလ် ရဲ့ နျူကလစ်အက်စစ်နေရာမှာ ဝင်ရောက် နေရာယူတဲ့ အတွက်ကြောင့် ကင်ဆာဆဲလ်တွေဟာ ဆက်ပြီးပွားများလို့ မရဘဲ ဖြစ်သွားပါတယ်..ဒါနဲ့ပတ်သက်လို့ ၂ဝဝ၉ ခုနှစ်မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာရှိတဲ့ Dr. Chen နဲ့အဖွဲ့က သုတေသနပြု တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။  ဒါ့အပြင် သူ့မှာ Antiplalelat action ရှိတဲ့အတွက်ကြောင့် ကင်ဆာဆဲလ် ပျံ့နှံ့မှု ကို ထိန်းချုပ် ပေးပါသေးတယ်။ သွေးကနေတစ်ဆင့် ကင်ဆာဆဲလ်တွေ တစ်နေရာကနေ တစ်နေရာ ပျံ့နှံ့မှုကို ဟန့်တားနိုင်ကြောင်း ၂ဝဝ၈ ခုနှစ်နဲ့ ၂ဝဝ၉ ခုနှစ်တွေမှာ ဂျပန်နိုင်ငံ အတွင်း ပြုလုပ်ခဲ့တဲ့ သုတေသန စာတမ်းတွေအရ သိရပါတယ်။ အဲ့ဒီနောက်ပိုင်း ပြုလုပ်ခဲ့တဲ့   သုတေသန စာတမ်းတွေအရ ပိုးဆေးနွယ်ရှင်ဟာ ကင်ဆာရောဂါကို ကာကွယ်ရာမှာရော၊ ကုသရာမှာပါ အသုံးဝင်တဲ့ သဘာဝ ဆေးစွမ်းတစ်လက် ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

မေး။ ပိုးဆေးနွယ်ရှင်ရဲ့ တခြားသိပံ္ပနည်းကျလေ့လာထားတဲ့အာနိသင်တွေရှိရင်လည်း သိချင်ပါ တယ် ဆရာ။

ဖြေ။ အဓိက အနေနဲ့ကတော့ အသက်ရှည်နုပျိုစေခြင်း၊   ပန်းသေပန်းညှိုး ရောဂါကို သက်သာ ပျောက်ကင်းစေပြီး  ကလေးမရတဲ့ သူတွေမှာ ကလေးရစေခြင်း၊ သွေးတွင်းရှိ   မကောင်းတဲ့ အဆီတွေကိုကျစေခြင်း၊  နှလုံးရောဂါကို သက်သာစေခြင်း၊ အမောခံနိုင်ခြင်း၊ သက်လုံကောင်း ခြင်း၊ ပန်းနာရင်ကျပ်ရောဂါကို သက်သာစေခြင်း၊   ကျောက်ကပ် လုပ်ငန်း ဆောင်တာများကို တိုးတက်ကောင်းမွန်စေခြင်း၊ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက် ကောင်းမွန်စေ ခြင်း စသည်တို့ပဲဖြစ်ပါတယ်။

မေး။ ပိုးဆေးနွယ်ရှင်ကို သုံးရင် လူတိုင်း သုံးနိုင်ပါသလား။ အသုံးမပြုသင့်တဲ့ သူတွေရှိရင် လည်း သိပါရစေ။

ဖြေ။ အသုံးမပြုသင့်တဲ့ သူတွေကတော့-(၁) ကလေးတွေနဲ့ ၁၈ နှစ်အောက်လူငယ်တွေ(၂) ကိုယ်ဝန်ဆောင် မိခင်လောင်းတွေ (၃) နို့တိုက်မိခင်တွေ (၄) အော်တို အင်မြူး ရောဂါရှိသူတွေ ဥပမာ-သွေးလေးဖက်နာ၊ SLE ရောဂါ။

မေး။ အသုံးပြုမယ့်သူတွေ ဆိုရင်ရော ဘယ်လောက် ပမာဏအထိ သုံးရမယ်ဆိုတာလည်း ပြောပြပေးပါ။

ဖြေ။ ပိုးဆေးနွယ်ရှင်အခြောက် အလေးချိန် ၃ ဂရမ်ကနေ ၉ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ လူနာရဲ့အခြေအနေပေါ် မူတည်ပြီး သုံးနိုင်ပါတယ်။ သုံးတဲ့အခါ ရေနွေးနဲ့ စိမ်ပြီးပဲဖြစ်ဖြစ်၊ အရက်နဲ့ စိမ်လို့ပဲဖြစ်ဖြစ်၊ အခြောက်မှုန့်တွေကို Capsule ထဲထည့်ပြီးဖြစ်ဖြစ်၊ အမှုန့်ကနေ extract  ထုတ်ယူပြီး ဖြစ်ဖြစ် သုံးနိုင်ပါတယ်။

မေး။ ဘေးထွက် ဆိုးကျိုးရှိရင်လည်း သိပါရစေ။

ဖြေ။  ကြီးမားတဲ့ ဘေးထွက် ဆိုးကျိုးတွေ ဒီကနေ့အထိ မတွေ့ရသေးပါဘူး။

(၁) တချို့သူတွေမှာ မှိုနဲ့ ဓာတ်မတည့်မှုတွေ ဖြစ်တတ်ပါတယ်။ ဖြစ်ခဲ့ရင် အရေပြားယားတာ၊ အဖုအပိမ့်ထွက်တာ၊ အသက်ရှူကျပ်ချင်တာ၊ နှလုံးခုန်နှုန်းနှေးသွားပြီး သွေးပေါင် ကျတာ ဖြစ်နိုင်ပါ တယ်။ (၂) တချို့သူတွေမှာ ဗိုက်အောင့်တာ၊ ပျို့ချင်အန်ချင်တာ ဖြစ်တတ်ပါတယ်။ အစာစားပြီးမှ သောက်ရင်တော့ အဲ့ဒီ ဘေးထွက် ဆိုးကျိုးတွေ သိပ်မတွေ့ရပါဘူး။

မေး။ နောက်ဆုံး အနေနဲ့ တခြား သတိပြုသင့်တဲ့ အချက်တွေရှိရင်လည်း သိပါရစေ။

ဖြေ။ ရှိပါတယ်။ အဲ့ဒီ အရေးကြီးတာတွေကို ပြောရရင်-

(၁) ကလေးမလိုချင်လို့ သန္ဓေတားဆေးတွေ သုံးနေရသူတွေမှာ ပိုးဆေးနွယ်ရှင်ကို မသုံးသင့် ပါဘူး။  သူက ကလေးရဖို့ အားပေးလို့ ဖြစ်ပါတယ်။

(၂) နောက်တစ်ခုက သွေးတိုးရောဂါရှိသူတွေ အနေနဲ့ သွေးကျဆေးတွေ ဥပမာ propranolol, atenolal စတဲ့ ß-blocker တွေ သောက်နေရရင် သတိထားပြီးသုံးရပါ့မယ်။  ဘာဖြစ်လို့လည်း ဆိုတော့ သူကိုယ်တိုင်က နှလုံးခုန်တာကို နှေးစေပြီး သွေးပေါင်ချိန် ကျစေနိုင်လို့ဖြစ်ပါတယ်။ (၃) အရေးကြီးဆုံး တစ်ခုကတော့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခုကို အစားထိုး ကုသမှုခံ ယူထား သူတွေအနေနဲ့ လုံးဝမသုံးရပါဘူး..ဥပမာ ကျောက်ကပ် အစားထိုး ကုသထားသူတွေ၊ အသည်း အစားထိုး ကုသမှုခံယူထား သူ တွေကတော့ လုံးဝရှောင် ကြဉ်ရပါမယ်။ သဘာဝ ဆေးဖက်ဝင် ပိုးဆေးနွယ်ရှင်သည် ကင်ဆာဆဲလ်များကို တားဆီးနိုင်သည့်အပြင် အခြားသော ရောဂါများကို လည်း ပျောက်ကင်းကြောင်း သိပ္ပံနည်းကျ လေ့လာ ထားရှိချက်များအရ သိရှိရ သည်များကို မေးမြန်း တင်ပြလိုက်ပါသည်။  

 

 

 

 

Read 909 times Last modified on Monday, 10 October 2016 13:30