Thursday, 20 April 2017 02:03

မောင်တောမြို့နယ်တွင် ကျေးရွာအုပ်စု တာဝန်ခံတစ်ဦး အသတ်ခံရ

Written by 
Rate this item
(0 votes)

နေပြည်တော်  ဧပြီ   ၁၈

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဖွေယာရွာနေ တပ်ဦးချောင်းကျေးရွာအုပ်စု တာဝန်ခံ အာမီအာလီသည် ယမန်နေ့ညပိုင်းက နေအိမ်၌ မျက်နှာဖုံးစွပ်ထားသော လူအုပ်စု၏ သတ်ဖြတ်မှုခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ တပ်ဦးချောင်းကျေးရွာအုပ်စု တာဝန်ခံ အာမီအာလီ (၃၈)နှစ်သည် ဖွေယာရွာ အိမ်ထောင်စုအမှတ် (၂၂) နေအိမ်၌  ရှိနေစဉ် ယမန်နေ့ညပိုင်းက အနက်ရောင် မျက်နှာဖုံးစွပ်ထားသည့် အမျိုးသား ၁ဝ ဦးခန့်ရောက်ရှိလာပြီး နှစ်ဦးမှာ အိမ်ပေါ်သို့ တက်ရောက်၍ အာမီအာလီအား ဓားဖြင့်ခုတ်ပြီး နေအိမ်အောက်သို့ ဆွဲချခဲ့ကြောင်း၊ ထို့နောက် အိမ်ရှေ့တွင် မျက်နှာဖုံးစွပ်ထားသူများက ၎င်းအား ဓားဖြင့် ထပ်မံထိုးခုတ်စဉ် ပတ်ဝန်းကျင်မှ လူများ ထွက်လာသဖြင့် မျက်နှာဖုံးစွပ်အဖွဲ့မှာ သေနတ်ငါးချက် ပစ်ဖောက်၍ ရွာ၏အနောက်မြောက် ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊ ဓားခုတ်ခံရမှုကြောင့် အာမီအာလီ၏ လက်ဖျံ၊ လက်မောင်း၊ ဦးခေါင်း၊ ငယ်ထိပ်၊ ယာတင်ပါးပြတ်ရှ၊ နောက်ကျောတို့တွင် ထိုးသွင်းဒဏ်ရာများ ရရှိပြီး   သေဆုံးခဲ့ကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ  ရောက်ရှိရှင်းလင်း စစ်ဆေးရာ အာမီအာလီ၏ နေအိမ်အနီးတွင်  ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့သော  ကျည်ခွံနှစ်ခု တွေ့ရှိခဲ့သဖြင့် ၎င်းလူအုပ်စု ထွက်ပြေးမှုအား လိုက်လံ ရှင်းလင်းလျက် ရှိကြောင်း သိရသည်။

အဆိုပါသေဆုံးသူ     အာမီအာလီအား မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့် အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ထားသည်။ 

Read 73 times Last modified on Thursday, 20 April 2017 02:05

Latest from ကေတု

Related items