Saturday, 04 March 2017 19:37

KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်း အဖွဲ့က လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး လုံခြုံရေး ဆောင်ရွက်နေသည့် စခန်းငယ် တစ်ခုနှင့် လုံခြုံရေး စခန်းများအား အလစ်အငိုက် တိုက်ခိုက်

Written by 
Rate this item
(0 votes)

နေပြည်တော်၊ မတ် ၎

 ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး လုံခြုံရေး အတွက် တပ်မတော် စစ်ကြောင်းနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များ ပူးပေါင်း အခြေပြုလျက် ရှိသည့် ကွတ်ခိုင်မြို့နယ် အတွင်းရှိ ပန်လော့စခန်းကို

ယနေ့ နံနက် ၄ နာရီ ၄၀ မိနစ်ခန့်တွင် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်း အဖွဲ့မှ အင်အား ၇၀ ဦးခန့်က စခန်း၏ အရှေ့တောင်ဘက်နှင့် တောင်ဘက်မှ နေ၍ လက်နက်ကြီး/ လက်နက်ငယ် များဖြင့် အလစ်အငိုက် လာရောက် တိုက်ခိုက်ခဲ့ရာ တပ်မတော် စစ်ကြောင်းနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များက ပြန်လည် ပစ်ခတ် တိုက်ခိုက် ခဲ့သည်။

ဖြစ်စဉ် ဖြစ်ပွားချိန်တွင် အဆိုပါ ပန်လော့စခန်းသို့ ကွတ်ခိုင်မြို့အနီး လှုပ်ရှားနေသည့် တပ်မတော် စစ်ကြောင်းက သွားရောက် ပူးပေါင်း တိုက်ခိုက်ရာ KIA/TNLA အကြမ်းဖက် သောင်းကျန်းသူများ ပြန်လည် ဆုတ်ခွာ ထွက်ပြေး သွားသည်။

ပန်လော့ စခန်းအား KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့မှ လာရောက် တိုက်ခိုက်ချိန်နှင့် တစ်ချိန်တည်းတွင် တပ်မတော် စစ်ကြောင်းများ လုံခြုံရေး ဆောင်ရွက်လျက် ရှိသည့် ရင်ကွဲတောင် စခန်းနှင့် နမ့်ခိုင်တံတား လုံခြုံရေး စခန်းတို့အား KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့မှ အင်အား ၁၅ ဦး စီခန့်က လက်နက်ကြီး/ လက်နက်ငယ်များဖြင့် လာရောက် နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများ ပြန်လည် ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်တွင် ပန်လော့စခန်း၌ တာဝန်ထမ်းဆောင်လျက် ရှိသည့် အရာရှိ၊ စစ်သည် တစ်ချို့နှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင် တစ်ချို့ နိုင်ငံတော်အတွက် အသက်ပေးလှူ ခဲ့ရပြီး လက်နက်ငယ် တစ်ချို့နှင့် ဆက်စပ် ပစ္စည်းများ ဆုံးရှုံးခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် နမ့်ခိုင်တံတား လုံခြုံရေး စခန်းသို့ KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်သည် စခန်းပေါ်သို့ ကျရောက် ပေါက်ကွဲခြင်း မရှိဘဲ တံတား မြောက်ဘက်ရှိ Oriental Highway Co.Ltd မှ အလုပ်သမားများ နေထိုင်လျက် ရှိသည့် တဲပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တစ်နိုင်ငံလုံးက များစွာ မျှော်လင့်ချက်ရှိသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရန် ပြင်ဆင်ဆဲ ကာလတွင် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူများက အများပြည်သူ အသုံးပြုလျက် ရှိသော ပြည်ထောင်စု ကားလမ်းမကြီး လုံခြုံရေး ဆောင်ရွက်နေသည့် စခန်းအား ယခုကဲ့သို့ အလစ်အငိုက် ၀င်ရောက် တိုက်ခိုက်ခြင်းသည် နယ်မြေ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် များစွာ ထိခိုက်စေသဖြင့် တပ်မတော် စစ်ကြောင်းများဖြင့် နယ်မြေ ရှင်းလင်းလျက် ရှိကြောင်း သတင်း ရရှိသည်။

Read 378 times Last modified on Saturday, 04 March 2017 21:37

Latest from ရွှေတည်

Related items