Tuesday, 26 July 2016 10:55

ပြည်သူ့ဆန္ဒ သဘောထားများကို လက်တွေ့ အကောင်အထည် ဖော်ရန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၏ အဓိက တာဝန်ဖြစ်

Written by 
Rate this item
(0 votes)

ပြည်သူ့လွှတ်တော်အစည်းအဝေး

နေပြည်တော်   ဇူလိုင်   ၂၅

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံ၌ စတင် ကျင်းပရာ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး ကတိသစ္စာ ပြုခြင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊

   ကြယ်ပွင့်ပြ မေးခွန်းခြောက်ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အမျိုးသား လွှတ်တော်က  ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသည့် ဥပဒေကြမ်း နှစ်ခုကို ပြင်ဆင်ချက်မရှိ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းများ ဆောင်ရွက်ကြသည်။ အစည်းအဝေးတွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး ဖြစ်သည့် ဗိုလ်မှူးချုပ် ဝင်းကိုကိုနှင့် ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်တို့က ကတိသစ္စာ ပြုခြင်းနှင့် ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ကြသည်။ ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ပြည်သူ့ဆန္ဒ သဘောထားများကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များ၏ အဓိက တာဝန်ဖြစ်ပါကြောင်း၊ ပြည်သူလူထု ခံစားနေရသည့် အခက်အခဲများ၊ အကျပ်အတည်းများ၊ ပြဿနာများအား မေးခွန်းများ၊ အဆိုများ၊ ဥပဒေကြမ်းများ အဖြစ် ပြောင်းလဲပြီး လွှတ်တော်တွင် တင်သွင်း ဆောင်ရွက်ကြရခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ကြရာတွင် ကောင်းစေချင်သည့် စိတ်ရင်းစေတနာ အမှန်ဖြင့် ဆောင်ရွက်ကြသည် ဆိုခြင်းကို နားလည်သော်လည်း ကိုယ်စားလှယ်များသည် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ နည်းမှန်လမ်းမှန်ဖြင့် ဆောင်ရွက်သွားကြရန် အထူး အရေးကြီးသည်ကို ပြောကြား လိုပါကြောင်း၊ ပြည်သူများက အားကိုးယုံကြည်စွာ ရွေးချယ် တာဝန်ပေးလိုက်သည့် ပြည်သူ့ကိုယ်စားလှယ် များသည် အရည်အချင်း ပြည့်ဝနေမှသာ ဥပဒေပြုရေး မဏ္ဍိုင်၏ ဂုဏ်သိက္ခာ ဆက်လက်မြင့်မားနေမည် ဖြစ်ပြီး လွှတ်တော်၏ အဓိကတာဝန် ဖြစ်သည့် ဥပဒေပြုရေး တာဝန်ကို ပီပြင်စွာ ထမ်းဆောင်နိုင်ကြမည် ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် မင်းကင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်၏ မင်းကင်းမြို့တွင် မဟာဓာတ်အားလိုင်းမှ တစ်ဆင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို မည်သည့် အတွက်ကြောင့် ကြန့်ကြာရသည်၊ မည်သည့် အချိန်တွင် ဓာတ်အား ဖြန့်ဖြူးမှု ဆောင်ရွက်နိုင်မည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက မင်းကင်းမြို့ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၆၆ ကေဗွီ ဘုတလင်-ကနီ-မင်းကင်း ဓာတ်အားလိုင်း ၆၆ ဒသမ ၇ မိုင်နှင့် မင်းကင်းဓာတ်အားခွဲရုံ စီမံကိန်းအား ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ပစ္စည်းများ ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ပါကြောင်း၊ အဆိုပါ စီမံကိန်းအတွက် ဝယ်ယူထားသော ပစ္စည်းများ ရောက်ရှိထားသော်လည်း ၂ဝ၁၅ ခုနှစ် မိုးရာသီတွင် မိုးများ၍ လမ်းများ ပျက်စီးပြီး ကားများသွားလာ၍ မရသဖြင့် ပစ္စည်းများကို လုပ်ငန်းခွင်သို့ ပို့ဆောင်၍ မရခြင်း၊ ဓာတ်အားလိုင်း တည်ဆောက်ရန် တောင်ကုန်း၊ တောင်တန်းများကို ဖြတ်သန်းရခြင်းနှင့် တောင်ထိပ်ပေါ်သို့ ကွန်ကရစ်တိုင်များကို ခက်ခဲစွာ သယ်ယူရခြင်း၊ စီမံကိန်းအတွက် လျာထား ရန်ပုံငွေ လုံလောက်စွာ မရရှိခြင်း စသည်တို့ကြောင့် ကြန့်ကြာရခြင်း ဖြစ်ပါကြောင်း။ ထို့ပြင် ဓာတ်အားလိုင်း တည်ဆောက်မည့် လမ်းအူကြောင်းသည် ချင်းတွင်းမြစ်ကျော် တာဝါကြီးများ ဖြတ်သန်း တည်ဆောက်ရမည် ဖြစ်သဖြင့် မြစ်ကျော် တာဝါတိုင်ကြီးများအား ဒီဇိုင်းရေးဆွဲ၍ အမြန် ရရှိအောင် စီမံဆောင်ရွက်ခဲ့ရ ပါကြောင်း၊ ယနေ့ အထိ ၆၆ ကေဗွီ ဘုတလင်-ကနီ-မင်းကင်း ဓာတ်အား လိုင်းတည်ဆောက်ပြီးစီးမှုမှာ ၇၂ ဒသမ ၈၃ ရာခိုင်နှုန်းနှင့် မင်းကင်းဓာတ်အားခွဲရုံမှာ ၉ဝ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ပါကြောင်း၊ ယခုနှစ် မိုးရာသီတွင်လည်း မိုးများသည်းထန်စွာ ရွာသွန်း၍ တည်ဆောက်ရေး လုပ်ငန်းများအား ခက်ခဲစွာ ဆောင်ရွက်နေရပါသဖြင့် မင်းကင်းမြို့သို့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ လကုန်ခန့်တွင် ဓာတ်အားဖြန့်ဖြူးနိုင်ရေး ရည်မှန်းကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည် ဖြေကြားသည်။ ယင်းနောက် စစ်ကိုင်းတိုင်း ဒေသကြီး ကလေး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ)ဒေါ်ရှားမီး၏ မဏိပူရ စီမံကိန်းများ ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်မည် ဆိုပါက ဒေသခံများနှင့် နိုင်ငံတော်အတွက် ရေရှည်တွင် အကျိုးကျေးဇူး ရရှိမည်ဖြစ်ပါသဖြင့် ပြည်သူလူထုအတွင်း ပွင့်လင်းမြင်သာစွာ ချပြပြီး ဆောင်ရွက်ရန် ရှိ၊ မရှိ သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက မဏိပူရ စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို ယခင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၂ဝဝ၄-၂ဝဝ၅ ခုနှစ်မှ စတင်ကာ ၂ဝ၁၂-၂ဝ၁၃ ခုနှစ် အထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခင် နိုင်ငံတော် သမ္မတ၏ စစ်ကိုင်းတိုင်း ဒေသကြီး ရေကြီးမှု ဖြစ်စဉ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း မဏိပူရ စီမံကိန်း၏ တာတမံပိုင်းဆိုင်ရာ တည်ဆောက်မှု လုပ်ငန်းများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်ရန်၊ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းပိုင်းကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဆောင်ရွက်ရန် ညွှန်ကြား ခဲ့ပါသဖြင့် စိန်အင်တာပရိုက် ကုမ္ပဏီ၊ China Harbour Engineering Co., Ltd၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ညှိနှိုင်းဆွေးနွေး၍ ဆက်လက် အကောင်အ ထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာကို သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ ဆက်လက် တင်ပြ အတည်ပြုချက် ရယူပြီးပါက  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ ချပြဆွေးနွေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။ ဆက်လက်၍ အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်မရှိ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူ၍ အတည်ပြုသည်။

 

 

 

Read 985 times Last modified on Tuesday, 26 July 2016 11:07