Friday, 21 April 2017 17:20

သထုံမြို့ နန်းခဲရပ်ကွက်ရှိ အများပြည်သူသုံး ရေကန်ကို ပြန်လည် တူးဖော်

Written by 
Rate this item
(0 votes)

သထုံ ဧပြီ ၂ဝ

မွန်ပြည်နယ် သထုံမြို့ နန်းခဲရပ်ကွက်ရှိ အများပြည်သူသုံး ရေကန် (လှေလှော်ကန်)ကို မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြု ရန်ပုံငွေကျပ်၂၇၅ သိန်းဖြင့် ပြန်လည် တူးဖော်လျက် ရှိကြောင်း သိရသည်။

အဆိုပါကန် တူးဖော်ရခြင်းမှာ နုန်းအနည်များ များပြားလာပြီး ကန်ကောလာသည့် အပြင် သောက်ရေ၊ သုံးရေ လုံလောက် ကောင်းမွန်စွာ အသုံးပြုနိုင်ရန်၊ အရေးပေါ် မီးဘေးအန္တရာယ် ဖြစ်ပေါ်ပါက ရေလုံလောက်စွာ ရရှိနိုင်ရန်၊ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ယခင်ရှိပြီးသား ကန်ကို ဧပြီလဆန်းပိုင်းက စတင်၍ ပြန်လည် တူးဖော်ခြင်း ဖြစ်သည်။ ''ကန်ကတော့ တည်ရှိနေတာ ကြာပြီ။ ကန်က ပြန်လည်တူးဖော်မှု မလုပ်တာလည်း ကြာပြီဆိုတော့ ရေက မကောင်းတော့ဘူး။ ဒီအတွက် ရန်ပုံငွေရလို့ ပြန်တူးဖော်ပေးတာပါ။ ကန်ကိုတော့ နဂိုမူလထက် အနက် ၃ ပေလောက် ထပ်တူးမယ်''ဟု သထုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောသည်။ အဆိုပါ လှေလှော်ကန်သည် အလျား ပေ ၄၇ဝ၊ အနံပေ ၄၂ဝ၊ အနက် ၁ဝ ပေ ခန့်ရှိပြီး သထုံမြို့ အောက်ကျင်း ရပ်ကွက်နှင့် နန်းခဲရပ်ကွက်မှ ပြည်သူများ သောက်သုံးရေကန် အဖြစ် အသုံးပြုနေသော ရေကန် ဖြစ်ကြောင်း သိရသည်။

Read 7 times Last modified on Friday, 21 April 2017 17:21