Sunday, 14 May 2017 07:08

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့ရှိ ရိုမန်ကတ်သလစ် ဘုရားကျောင်းသို့ သွားရောက်၊ စွန်တောင်း စေတီတော် မြတ်ကြီးအား ဖူးမြော် ကြည်ညို

Written by 
Rate this item
(0 votes)

နေပြည်တော်၊ မေ ၁၃

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ညနေပိုင်းတွင် ကျိုင်းတုံမြို့ရှိ ရိုမန်ကတ်သလစ် ဘုရားကျောင်း (RCM)သို့ ရောက်ရှိကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဘုရားကျောင်းအတွက် အလှူငွေနှင့် ဆန်အိတ်များ၊ စားသောက်ဖွယ်ရာများအား ဆရာတော် ပီတာလွီးစ်ကျာခူထံ ပေးအပ် လှူဒါန်းသည်။ ထို့နောက် ဆရာတော်ကြီး၏ ကျန်းမာရေး အခြေအနေနှင့် ကတ်သလစ် သာသနာရေးဆိုင်ရာ လိုအပ်ချက်များကို မေးမြန်းလျှောက်ထားပြီး နယ်မြေ အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များတွင် မေတ္တာတရားဖြင့် ၀ိုင်းဝန်း လုပ်ဆောင်ရေး ကိစ္စရပ်များအား ရင်းရင်းနှီးနှီး ဆွေးနွေးပြောကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ ၈ မိုင် ရေပေးဝေရေးသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် ကျိုင်းတုံမြို့ ရေပေးဝေနေမှု အခြေအနေများနှင့် သောက်သုံးရေ ကောင်းမွန်စွာ ရရှိရေးအတွက် လုပ်ငန်း ဆောင်ရွက်မှုများအား ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်မှ ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရေရှည် ရေလုံလောက်စွာ ဖြန့်ဝေနိုင်ရေးအတွက် စဉ်းစား လုပ်ဆောင်ရန်၊ ရေအလေအလွင့် မရှိစေရေး နည်းလမ်းရှာ၍ ဆောင်ရွက်ရန်နှင့် လိုအပ်သည်များအား တိုင်းစစ်ဌာနချုပ်မှလည်း ကူညီ ဆောင်ရွက်ပေးရေးကို မှာကြားသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ စွန်တောင်း(ခ) စွမ်းခမ်း ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကြရာ ဂေါပက အဖွဲ့ဝင်များက ကြိုဆို နှုတ်ဆက်ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ဘုန်းတော်ကြီး ကျောင်းအတွင်းရှိ ဗုဒ္ဓ ရုပ်ပွားတော် မြတ်များအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်ကြသည်။

၎င်းနောက် ကျောင်းထိုင် ဆရာတော် ပရိယတ္တိစာရီ မဟာလုံးတစ်အား ဖူးမြော် ကြည်ညို၍ န၀ကမ္မ အလှူငွေများ ဆက်ကပ် လှူဒါန်းပြီး စေတီတော်ကြီး ပြုပြင်မွမ်းမံရန်နှင့် ရွှေသင်္ကန်း ကပ်လှူမည့် ကိစ္စရပ်များအား မေးမြန်း လျှောက်ထားသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်ကြီးပေါ်သို့ တက်ရောက်ဖူးမြော်၍ စိန်ဖူးတော် အထွတ်တွင် ရွှေသင်္ကန်း ကပ်လှူ ပူဇော်ခဲ့ကြကြောင်း သတင်း ရရှိသည်။

Read 35 times Last modified on Sunday, 14 May 2017 07:12

Latest from ရွှေတည်

Related items