Sunday, 14 May 2017 06:53

ကာကွယ်ရေး စွမ်းရည် အစဉ် မြင့်မားစေရေး အတွက် တပ်များ စွမ်းရည် မြှင့်တင်ရေးအား အလေးထား ဆောင်ရွက်

Written by 
Rate this item
(0 votes)

နေပြည်တော်၊ မေ ၁၃

ပြည်ပရန်ကို ကာကွယ်ရန်၊ သမားရိုးကျ စစ်ဆင်နိုင်ရန် တပ်မတော်ကို ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ တပ်မတော်၏ တာဝန်မှာ နိုင်ငံတော်ကို ကာကွယ်ရန်ဖြစ်၍ နိုင်ငံ အချုပ်အခြာအာဏာကို ထိပါးသူ၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကို ဖန်တီးနေသူများကိုလည်း တိုက်ခိုက် ချေမှုန်းနေရကြောင်း၊ ပြည်ပရန် ကာကွယ်ရေးနှင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် တပ်မတော် ကာကွယ်ရေး စွမ်းရည် အစဉ်မြင့်မားနေရန် လိုကြောင်း၊ တပ်များ၏ စွမ်းရည်မြှင့်တင်ရေးအား အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် ကျိုင်းတုံတပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမတွင် ကျိုင်းတုံတပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

ထိုသို့ တွေ့ဆုံအမှာစကား ပြောကြားရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေဖြင့် နိုင်ငံတော် ကာကွယ်ရန်အတွက် ကာကွယ်ရေးစွမ်းရည် မြင့်မားစေရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ တစ်ဦးချင်း စွမ်းရည်မြင့်မားရန်အတွက် စစ်သားကောင်းများတွင် အခြေခံအားဖြင့် ပြည့်စုံရမည့် ကျန်းမာကြံ့ခိုင်မှု၊ လေ့ကျင့်သားပြည့်ဝမှုများ ရှိရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း စွမ်းရည်မြင့်မားမှုမှ အဖွဲ့လိုက် စွမ်းရည် မြင့်မားမှုရှိအောင် လေ့ကျင့် လုပ်ဆောင်ရာတွင် အဖွဲ့စနစ် Team Work ကောင်းမွန်ရန် လိုအပ်ကြောင်း၊ တစ်ဦးချင်း စွမ်းရည်ရှိမှ တပ်ဖွဲ့စွမ်းရည် ရှိမည်ဖြစ်သကဲ့သို့ တပ်တွင်းစည်း လုံးညီညွတ်မှုရှိမှ တပ်များ၏ စွမ်းရည်ကောင်းမွန်မည် ဖြစ်ကြောင်း၊ တပ်မတော်၏ “အား” ကို တည်ဆောက်ရန် အတွက် တပ်ဖွဲ့များ အားလုံး၏ စုစည်းညီညွတ်မှု ရှိရန်လိုကြောင်း၊ တပ်များ စွမ်းရည်မြင့်မားရေး အတွက် အရှည်ကို မျှော်တွေးပြီး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်ပြီး အုပ်ချုပ်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ မှာကြားရာတွင် တပ်များ၏ စည်းလုံးညီညွတ်မှု ရှိရန်အတွက် ခေါင်းဆောင်များ၏ အုပ်ချုပ်မှု ညီညွတ်မျှတရန် လိုကြောင်း၊ ခေါင်းဆောင်သည် လက်အောက် အပေါ် သားသမီးကဲ့သို့ ဖခင်စိတ်ဖြင့် အုပ်ချုပ်ရသည်များ ရှိသကဲ့သို့ စစ်ဆင်ရေးကဲ့သို့သော အခြေအနေများတွင် ခေါင်းဆောင်စိတ်ဖြင့် အမိန့်၊ ညွှန်ကြားချက်နှင့် မဖြစ်မနေ တာဝန်ပေး စေခိုင်းရသည်များလည်း ရှိကြောင်း၊ ဖခင်စိတ်နှင့် ခေါင်းဆောင်စိတ် ယှဉ်တွဲ၍ ညီညွတ်မျှတစွာ အုပ်ချုပ်ခြင်းဖြင့် တပ်များ၏ စွမ်းရည် တိုးတက်စေမည်ဖြစ်ကြောင်း၊ တပ်များတွင် ရှိပြီးဖြစ်သည့် တည်မြဲအမိန့်များ၊ တာဝန် ၀တ္တရားများ၊ အမိန့်နှင့် ညွှန်ကြားချက်များကိုလည်း တိကျစွာ လိုက်နာ လုပ်ဆောင်ကြရန် လိုကြောင်း၊ မိမိတို့၏ အတွေ့အကြုံများကို လက်အောက် အဆင့်ဆင့်သို့ တတ်သိနားလည်အောင် သင်ကြားပေးရန် လိုသကဲ့သို့ လက်အောက်မှ လိုက်နာ ဆောင်ရွက်စေရန်လည်း တွန်းအားပေး ကြပ်မတ်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သက်သာချောင်ချိရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဦးစွာမိမိ၏ ၀င်ငွေနှင့် ထွက်ငွေကို မျှတစွာ ထိန်းသိမ်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ဧပြီလ လစာများ တိုးပေးခဲ့သည့် အချိန်က ကုန်ဈေးနှုန်းနှင့် လက်ရှိကာလ ကုန်ဈေးနှုန်းနှိုင်း ယှဉ်ပါက ကုန်ပစ္စည်းအားလုံး ဈေးကြီးမြင့်လာကြောင်း၊ လစာဝင်ငွေ မတိုးသော်လည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် သုံးစွဲငွေ၊ ထွက်ငွေပို၍ များလာကြောင်း၊ သို့ဖြစ်၍ အသုံးနှင့်အဖြုန်းကို ခွဲခြားနားလည်ပြီး ခြိုးခြံချွေတာရန် လိုကြောင်း၊ လောင်းကစား၊ အပျော်အပါးနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများကို ရှောင်ကျဉ်ပြီး မိမိကိုယ်မိမိ ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ မိမိကိုယ်ကို အလို လိုက်ပါက ပျက်စီးတက်ပြီး လက်အောက်ကို အလိုလိုက်ပါက စည်းကမ်း ဖေါက်ဖျက်မှုများ အမှုအခင်းများ ဖြစ်ပွား တတ်ကြောင်း၊ တစ်ဖက်မှာလည်း စစ်သည် မိသားစုများ သက်သာချောင်ချိရေး အတွက် အမြတ်အစွန်းကို အဓိကမထားဘဲ တပ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အောင်မြင်စေရန်လည်း အားပေးကူညီ ကြရမည်ဖြစ်ပြီး ပိုလျှံသည်များကိုလည်း ပြည်သူလူထုသို့ မျှဝေခံစား ပေးရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သော မူဝါဒ၊ သက်သာချောင်ချိရေးနှင့် ပတ်သက်သော မူဝါဒများကို မှန်ကန်စွာ သိရှိနားလည်ပြီး အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။

ဆက်လက်ပြီး ကျန်းမာရေး မကောင်းပါက အလုပ်မလုပ်နိုင်သောကြောင့် လုပ်အားများ ဆုံးရှုံးရကြောင်း၊ အသောက်အစား၊ အပျော်အပါးကြောင့်လည်းကောင်း၊ လူ၏ အားနည်းချက်ကြောင့် လည်းကောင်း ကျန်းမာရေး ချို့တဲ့မှုများ မဖြစ်စေရန် နေထိုင်ကြရမည် ဖြစ်ကြောင်း၊ မိမိကိုယ်ကို ထိန်းသိမ်းရန် လိုသကဲ့သို့ တာဝန်ရှိသူများ ကလည်း ၀ိုင်းဝန်း ကြပ်မတ်ပေးရမည် ဖြစ်ကြောင်း၊ တစ်ဖက်မှလည်း ကျန်းမာရေးကို အထောက်အကူ ဖြစ်စေသည့် အားကစားနှင့် ကျန်းမာရေး လိုက်စားမှုများ ပြုလုပ်ကြရန် မှာကြားသည်။ အလားတူ ပညာရေးနှင့် ပတ်သက်၍လည်း တပ်မတော်အနေဖြင့် စစ်သည်များ၏ ပညာရည် မြှင့်တင်ရေးသာမက မိသားစုဝင်များ၏ ပညာရည် မြှင့်တင်ရေးကိုပါ အလေးထား လုပ်ဆောင်ပေးလျက် ရှိကြောင်း၊ ထိုသို့ ပညာရည် မြှင့်တင်ရေး လုပ်ငန်းများအတွက် ကိုယ်တိုင်သာမက မိမိ၏ သားသမီးများပါ မကျန်ခဲ့စေရန် ကြိုးစား လုပ်ဆောင်ကြရန် လိုကြောင်း၊ မိမိတို့၏ သားသမီးများကို ပညာထူးချွန်သူများ ဖြစ်အောင် ပညာရေးကို အားပေး လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း မှာကြား၍ တပ်မတော်၏ တာဝန်ထမ်းဆောင်မှု နယ်ပယ်မှာများစွာ ကျယ်ပြန့်သောကြောင့် မိမိတို့ ကဏ္ဍအလိုက် လုပ်ဆောင်ရမည့် ကိစ္စရပ်များကို မှန်မှန်ကန်ကန် လိုက်ပါ လုပ်ဆောင်ခြင်းဖြင့် တပ်မတော်သည် အင်အားတောင့်တင်းပြီး ကျစ်လစ်ခိုင်မာသည့် အဖွဲ့အစည်းကြီးအဖြစ် ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်နေမည် ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့ များ၏ ပညာရေး ကဏ္ဍတွင် အသုံးပြုရန်အတွက် ကွန်ပျူတာများ ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က အရာရှိ၊ စစ်သည် မိသားစုများအတွက် ပန်းပေါင်းစုံ ဗုဒ္ဓ ဆင်းတုတော်များအား ပေးအပ်သည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်သည်။

ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးက သုတ၊ ရသ စာအုပ်စာစောင်များကို လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးက စားသောက်ဖွယ်ရာများကို လည်းကောင်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက အားကစားပစ္စည်းများကို လည်းကောင်း အသီးသီး ပေးအပ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

ယနေ့နံနက်ပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ရှိ နယ်မြေခံ ဆေးရုံတွင် တက်ရောက် ကုသလျက်ရှိသည့်အရာရှိ၊ စစ်သည်များအား တစ်ဦးချင်း၏ ကျန်းမာရေး အခြေအနေများနှင့် ဆေးကုသမှု အခြေအနေများကို မေးမြန်း အားပေးစကား ပြောကြားပြီး လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

ထို့အတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့သည် အမျိုးသမီး ကုသဆောင်တွင် တက်ရောက်ကုသမှု ခံယူနေသော မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် မေ ၁၂ ရက် ညနေပိုင်းတွင် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ လိုက်ပါ၍ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးက နယ်မြေအခြေအနေများနှင့် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နယ်မြေအတွင်း တရားမ၀င် လက်နက်ကိုင်များ နေထိုင်နိုင်ခြင်း မရှိအောင် စနစ်တကျ ရှင်းလင်းရန်၊ မူးယစ်ဆေးဝါး သယ်ဆောင်မှုနှင့် ဘိန်းစိုက်ပျိုးမှုများ မရှိစေရေး အလေးထား ရှင်းလင်းဆောင်ရွက်ရန်၊ ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်ဆုံးရှုံးမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် သက်သာချောင်ချိရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၀န်ထုပ်ဝန်ပိုး မဖြစ်စေမည့် လုပ်ငန်းများကိုသာ လုပ်ဆောင်ရန်တို့အား မှာကြားသည်။

 

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ် စိုက်ပျိုးရေးခြံရှိ ၀က်မွေးမြူရေး ခြံအတွင်း DYL ၀က် မွေးမြူထားရှိမှုများနှင့် ဥစားကြက်ခြံအတွင်း နိုဘိုဂျင်ဘရောင်း ဥစားကြက်များ မွေးမြူထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြမှုအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ အောင်မြင်စေရေး၊ အမြတ်အစွန်း အနည်းဆုံးဖြင့် စီမံဆောင်ရွက်ရေး၊ ထွက်ရှိလာသည့်အသား၊ ငါး၊ ဥနှင့် အသီးအနှံများကို စစ်သည် မိသားစုများသာမက နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထု၏ သက်သာချောင်ချိ ရေးအတွက်ပါ တစ်ပါတည်း ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

Read 26 times Last modified on Sunday, 14 May 2017 06:59

Latest from ရွှေတည်

Related items