Sunday, 14 May 2017 06:45

ကျိုင်းတုံမြို့၊ ပန်ကွဲကျေးရွာ အနီး ဥာဏ်တော်အမြင့် ၇၂ ပေရှိ အဘယမုဒြာ ဆင်းတုတော် တည်ဆောက် ပူဇော်ခြင်းနှင့် ဗုဒ္ဓ ဥယျာဉ် တည်ဆောက်ရန် အတွက် ဒုတိယအကြိမ် အလှူငွေများ ပေးအပ် လှူဒါန်းပွဲ ကျင်းပ

Written by 
Rate this item
(0 votes)

နေပြည်တော်၊ မေ ၁၃

ကျိုင်းတုံမြို့၊ ပန်ကွဲကျေးရွာအနီး အဘယမုဒြာ ဆင်းတုတော် တည်ဆောက် ပူဇော်ခြင်းနှင့် ဗုဒ္ဓဥယျာဉ် တည်ဆောက်ရန် အတွက် ဒုတိယအကြိမ် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါနေရာ၌ ကျင်းပပြုလုပ်ရာ ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရ ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တကောဝိဒနှင့် သံဃာတော်များ တက်ရောက် ချီးမြှင့်တော်မူကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဆရာတော် ဘဒ္ဒန္တကောဝိဒမှ သြ၀ါဒစကား မြွက်ကြားရာတွင် “အဘယ” ဆိုသည်မှာ ဘေးအန္တရာယ် မရှိခြင်း၊ ဘေးအန္တရာယ် ကင်းဝေးခြင်းဟု အဓိပ္ပါယ်ရပါကြောင်း၊ သို့ဖြစ်၍ ငြိမ်းချမ်းရေးအတွက်ပါ ရည်စူးပြီး တိုင်းပြည်တွင် ဘေးအန္တရာယ်များ မကျရောက်စေရန်၊ ဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် တိုင်းပြည်အေးချမ်း သာယာ ၀ပြောရန်ဖြစ်ကြောင်း၊ ထိုသို့ အဘယဗုဒ္ဓရုပ်ပွားတော် တည်ထားကိုးကွယ်ရခြင်းကြောင့် မိမိကိုယ်၌ ဘေးအန္တရာယ်များ မကျရောက်ခြင်း၊ မိမိအပေါ် အတိုက်အခိုက်များအား အောင်မြင်စွာ ကျော်လွှားနိုင်ခြင်းနှင့် နယ်မြေဒေသ အေးချမ်းခြင်း၊ တိုင်းပြည်သာယာ ၀ပြောခြင်း အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း မိန့်ကြား၍ တည်ဆောက်ရေး လုပ်ငန်းများအတွက် လွယ်မွေမှ တစ်ဆင့် ရေရရှိရေး စီမံဆောင်ရွက် ထားရှိမှု၊ လမ်းများ ချဲ့ထွင် ဖောက်လုပ်မှု၊ အဘယမုဒြာ ရုပ်ပွားတော်ကြီး တည်ဆောက်နေမှုနှင့် ဗုဒ္ဓဥယျာဉ်အတွင်း မုဒြာအစုံဖြင့် ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရန် အဆောက်အဦများ ဆောက်လုပ်နေမှု၊ သစ်ပင်ပန်းမန်များဖြင့် သာယာလှပသည့် ဥယျာဉ်တော်ကြီးတည်ဆောက်နေမှုများအား ရှင်းလင်း မြွက်ကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အဘယမုဒြာ ဗုဒ္ဓရုပ်ပွားတော်ကြီးနှင့် ဗုဒ္ဓဥယျာဉ် တည်ဆောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ရှမ်းအရှေ့ဒေသသည် ယခင်က နယ်မြေ မအေးချမ်းမှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများရှိခဲ့ကြောင်း၊ မိမိရှမ်းအရှေ့ဒေသ၌ တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့စဉ်က ကျိုင်းတုံ လေယာဉ်ကွင်း တိုးချဲ့မှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ဆောင်မှုများ အပါအ၀င် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားဆောင်ရွက် ခဲ့ကြောင်း၊ ရှမ်းအရှေ့ဒေသအား အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေလိုပါကြောင်း ဦးစွာ ပြောကြားသည်။ ဆက်လက်ပြီး မည်သည့်ဘာသာမဆို မိမိကိုးကွယ်သည့် ဘာသာကို ထိန်းသိမ်းဆောင်ရွက်ရန် တာဝန် ရှိပါကြောင်း၊ မိမိတို့မှာ ဗုဒ္ဓဘာသာကို အများစု ကိုးကွယ်သည့်နိုင်ငံ ဖြစ်သောကြောင့် ဘာသာ၊ သာသနာ အပေါ်တွင် ကြည်ညိုသဒ္ဒါစိတ် တိုးပွားအောင် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ သို့မှသာ ဘာသာသာသနာကို ထိန်းသိမ်း စောင့်ရှောက်လိုစိတ် တိုးပွားလာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဗုဒ္ဓဘာသာ အခြေခံကောင်းများ ရှိသည့် ရှမ်းအရှေ့ဒေသတွင် ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူ တည်ဆောက်ရန် ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ တည်ဆောက်ရန် နေရာအား သာယာလှပသော သဘာဝပတ်ဝန်းကျင်ရှိသည့် ပန်ကွဲကျေးရွာအနီး ရွေးချယ်ခဲ့ပြီး ရုပ်ပွားတော်ကြီး၏ မုဒြာကိုလည်း အေးချမ်းသည့် အတိတ်နိမိတ်ကို ဆောင်သည့် အဘယမုဒြာကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ အဘယမုဒြာ ရုပ်ပွားတော်ကြီးနှင့် ဗုဒ္ဓဥယျာဉ် တည်ဆောက်ခြင်းအားဖြင့် ရှမ်းပြည် အရှေ့ပိုင်းတွင် အေးချမ်းသာယာပြီး ဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲရေး အတွက်များစွာ အထောက်အကူ ဖြစ်စေကြောင်း၊ ပြည်တွင်းပြည်ပ ဘုရားဖူးများစွာလည်း လာရောက် ဖူးမြော်ကြည်ညိုနိုင်မည် ဖြစ်ပြီး ခရီးသွား များပြားလာခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး ဒေသခံ တိုင်းရင်းသားများ၏ လူမှုစီးပွားဘ၀ ပိုမိုတိုးတက် မြင့်မားစေမည် ဖြစ်ကြောင်း၊ ရိုးသားအေးချမ်းစွာ နေထိုင်ကြသည့် ဒေသခံ တိုင်းရင်းသားများ သမ္မာအာဇီဝဖြင့် ဘ၀တိုးတက် ချမ်းသာစေရန် စီမံဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ယနေ့လှူဒါန်းမှုသည် အဆိုပါ အကျိုးကျေးဇူးများစွာကို ရရှိစေသောကြောင့် အလှူရှင်များအား များစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ မိသားစုက အလှူငွေအား ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူသည်။ ထို့နောက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းငွေအား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး ကလည်းကောင်း၊ ကမ္ဘောဇကုမ္ပဏီ၊ Max Myanmar ကုမ္ပဏီ၊ IGE ကုမ္ပဏီ၊ ချမ်းဟိန်းကုမ္ပဏီနှင့် ရွှေသံလွင် ကုမ္ပဏီတို့မှ လှူဒါန်းငွေများအား အလှူရှင်များက လည်းကောင်း အသီးသီးပေးအပ် လှူဒါန်းကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံရယူသည်။

ထို့နောက် ဦးစိုးထွန်းရှိန်နှင့် မိတ်ဆွေများ၊ အမျိုးသား စီးပွားတိုးတက်ရေး ရွှေတူးဖော် ထုတ်လုပ်မှု အုပ်စု လီမိတက်နှင့် မိတ်ဖက် ကုမ္ပဏီမိသားစုများ၊ Asia World ကုမ္ပဏီ၊ တင်မြင့်ရီကုမ္ပဏီ၊ ဒေါက်တာ ထွန်းမင်းလတ် ကြယ်နီလာကုမ္ပဏီ၊ Gate Way ကုမ္ပဏီနှင့် ဧဒင်ကုမ္ပဏီတို့မှ အလှူငွေများ ပေးအပ်လှူဒါန်းရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးက လက်ခံရယူသည်။

ယင်းနောက် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ဖက်စပ်ကုမ္ပဏီများ၊ Amazing ကုမ္ပဏီ၊ နောင်တုံကုမ္ပဏီ၊ အောင်မြင်သူကုမ္ပဏီ၊ Sky One & Lucky Man ကုမ္ပဏီ၊ Authentic ကုမ္ပဏီနှင့် Golden Land Real Estate Development Co.,Ltd တို့မှ အလှူငွေများ ပေးအပ်လှူဒါန်းရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦးက လက်ခံရယူသည်။

ဆက်လက်ပြီး စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ လှူဒါန်းငွေများအား စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးက လည်းကောင်း၊ မီယာဝင်းကုမ္ပဏီမှ ဦးစိုင်း (ရွှေရေကန်)၊ KT Development ၊ ဦးလောတာနှင့်ဇနီး မိသားစု၊ ရွှေငါး အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်၊ စိန်တော်သတ္တု တူးဖေါ်ရေးကုမ္ပဏီ၊ ဦးကတ်စိန်၊ ဒေါ်နန်းနွဲ့ မိသားစုနှင့် ဦးအားရင်၊ ဒေါ်နန်းခမ်ရှဲန် မိသားစုတို့မှ လှူဒါန်းငွေများအား အသီးသီး ပေးအပ်လှူဒါန်းကြရာ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦးက လက်ခံရယူသည်။

ထို့နောက် အလှူရှင် ၉ ဦးတို့မှ လှူဒါန်းငွေများ ပေးအပ်လှူဒါန်းရာ စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောမှ လက်ခံရယူသည်။ ဆက်လက်ပြီး တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များ၊ တပ်ရင်း/တပ်ဖွဲ့များနှင့် အလှူရှင်များက လှူဒါန်းသည့် အလှူငွေများအား တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးက လက်ခံရယူကြသည်။

ယနေ့ကျင်းပ ပြုလုပ်သည့် အဘယမုဒြာဆင်းတုတော် တည်ဆောက် ပူဇော်ခြင်းနှင့် ဗုဒ္ဓဥယျာဉ် တည်ဆောက်ရန်အတွက် ဒုတိယအကြိမ် အလှူငွေများ ပေးအပ် လှူဒါန်းပွဲတွင် လှူဒါန်းငွေ စုစုပေါင်းမှာ ငွေကျပ် ၈၄၉၇ သိန်းကျော်ဖြစ်ကြောင်း သိရှိရသည်။

အလှူငွေ ပေးအပ်ပွဲ အခမ်းအနားအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အဘယမုဒြာ ဆင်းတုတော် ပုံစံငယ်နှင့် တည်ဆောက်ရေး လုပ်ငန်းမှတ်တမ်း ဓါတ်ပုံများ၊ ဗုဒ္ဓဥယျာဉ် တည်ဆောက်ရေး လုပ်ငန်း မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုကြပြီး အဘယမုဒြာ ရုပ်ပွားတော်ကြီး တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုကြသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်သို့ ရောက်ရှိကြပြီး ဥယျာဉ်ပုံစံငယ်အား ကြည့်ရှုကြသည်။ ယင်းနောက် ဗုဒ္ဓဥယျာဉ်အတွင်း မုဒြာအစုံဖြင့် ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ် စံပယ်နိုင်ရန် အဆောက်အဦများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်နေမှု၊ ဥယျာဉ်အတွင်း သစ်ပင်များ၊ ပန်းအလှပင်များနှင့် မြေယာ အလှဆင်ထားမှုများအား လှည့်လည် ကြည့်ရှုကြသည်။

အဆိုပါ အဘယမုဒြာ ရုပ်ပွားတော်ကြီးနှင့် ဗုဒ္ဓဥယျာဉ်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီး တည်ရှိပြီး ကျိုင်းတုံ-တာချီလိတ် ကားလမ်းမှပင် ဖူးမြော်နိုင်မည် ဖြစ်ပါသည်။ အဘယမုဒြာ ရုပ်ပွားတော်မြတ်ကြီးအား ရင်ပြင်အကျယ် အလျား ၁၅၀ ပေ၊ အနံ ၁၈၀ ပေ၊ ပလ္လင်တော် အလျား ၄၅ ပေ၊ အနံ ၆၃ ပေ၊ ဥာဏ်တော်အမြင့် ၇၂ ပေဖြင့် မြတ်စွာဘုရား၏ ၃၂ ပါးသော လက္ခဏာတော်ကြီး၊ လက္ခဏာတော်ငယ် တို့နှင့်အညီ သပ္ပါယ်ကြည်ညိုဘွယ်ရာ ကိုးကွယ်နိုင်ရန် တည်ဆောက်လျက် ရှိပါသည်။ ထို့အတူ မြေနေရာ အကျယ်အ၀န်း ၁၀၆ ဧကရှိသည့် ဗုဒ္ဓဥယျာဉ်ကြီးကိုလည်း အဘယမုဒြာ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် လွယ်မွေ-ပန်ကွဲ နယ်မြေဒေသ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေုးတို့အတွက် ထင်းရှုး၊ ချယ်ရီ၊ သစ်စိမ့် စသည့် အရိပ်ရ လေကာပင်များ၊ နှင်းဆီပင်၊ ရွှေဝါးအလှပင်စသည့် ပန်းအလှပင်များ၊ ရှားပါးသစ်ပင်များ၊ စမ်းချောင်း၊ ရေတံခွန်၊ ရေပန်းများဖြင့် အမြဲစိမ်းလန်းစိုပြေပြီး သာယာလှပသည့် ဥယျာဉ်ကြီးအသွင် ဖန်တီး ဆောင်ရွက်နေပါသည်။ အဆိုပါ ဗုဒ္ဓဥယျာဉ်ကြီးအတွင်း စကျင်ကျောက်ဖြင့် ထွင်းထု ပူဇော်ထားသည့် အမျိုးမျိုးသော မုဒြာများဖြင့် ဗုဒ္ဓဆင်းတုတော်များ ထားရှိမည့် အရုဏ်ခံ တန်ဆောင်း ၄၅ ဆောင်ကိုလည်း တည်ဆောက်လျက် ရှိပါသည်။ ယခုအချိန်တွင် အဘယမုဒြာ ရုပ်ပွားတော်ကြီး တည်ဆောက်မှုလုပ်ငန်းများ ၆၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး အဘယမုဒြာ ရုပ်ပွားတော်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တို့အား ဗုဒ္ဓဘာသာမြန်မာ တိုင်းရင်းသားများ၏ ကိုးကွယ်မှီခို အားထားရာ မြန်မာတို့၏ ဂုဏ်ယူဖွယ် စေတနာသဒ္ဒါတရားတို့ စုဝေးရာ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ဓလေ့စရိုက် ၀ိသေသ လက္ခဏာတို့ ပေါင်းစုရာ ဗုဒ္ဓနေရာဌာနကြီး တစ်ခုအဖြစ် ဖူးမြော်ကြည်ညို နိုင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 43 times Last modified on Sunday, 14 May 2017 14:04

Latest from ရွှေတည်

Related items