Friday, 21 April 2017 15:55

နေပြည်တော် ရွှေနံ့သာ အိမ်ရာ စီမံကိန်း တန်ဖိုးနည်း အိမ်ခန်းများ မေလအတွင်း ရောင်းချနိုင်ရန် တည်ဆောက်လျက်ရှိ

Written by 
Rate this item
(0 votes)

နေပြည်တော်  ဧပြီ  ၂ဝ

ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆောက်အအုံ ဦးစီးဌာနမှ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာ စီမံကိန်းများကို တည်ဆောက်ပေးလျက် ရှိရာ နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်တွင် ဆောက်လုပ်လျက်ရှိသော ရွှေနံ့သာ တန်ဖိုးနည်း တန်ဖိုးသင့်အိမ်ရာ စီမံကိန်းကို မေလအတွင်း အပြီးတည်ဆောက်၍ ပြည်သူများ လက်ဝယ်သို့ ရောင်းချ ပေးနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ အဆိုပါ စီမံကိန်းတွင် ပါဝင်သော တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာများကို ဝင်ငွေနည်း ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကုမ္ပဏီ ဝန်ထမ်းများနှင့် ပင်စင်စားများအား ဦးစားပေး စနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ပြီး ဝယ်ယူလိုသူများ အနေဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ပြီး ရှစ်နှစ်မှ ၁ဝ နှစ်အထိ အိမ်ရာ အပေါင်ချေးငွေ စနစ်ဖြင့် ဝယ်ယူရမည် ဖြစ်သည်။ ရွှေနံ့သာ တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာ စီမံကိန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆောက်အအုံ ဦးစီးဌာန အဆောက်အအုံ အထူးအဖွဲ့(၂)မှ ၂ဝ၁၆ ခုနှစ် ဇွန် ၁ ရက်မှ စတင် တာဝန်ယူ တည်ဆောက်ခဲ့ပြီး အခန်း ၄ဝ ပါ ငါးထပ် အဆောက်အအုံ နှစ်လုံး စုစုပေါင်း အခန်း ၈ဝ ကို ဆောက်လုပ် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် ဆောင်ရွက်ဆဲ တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာ စီမံကိန်းများကို နေပြည်တော်တွင် အခန်း ၈ဝ၊ ရန်ကုန်မြို့တွင် ၈၇၁၂ ခန်း၊ မုံရွာမြို့တွင် အခန်း ၄၄ဝ၊ မကွေးမြို့တွင် ၃ဝ၄ ခန်းနှင့် ပုသိမ်မြို့တွင် ၆၇၆ ခန်း တို့ကို ၂ဝ၁၇ ခုနှစ် အတွင်း အပြီး တည်ဆောက်ကာ ပြည်သူများ ထံသို့ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Read 101 times Last modified on Friday, 21 April 2017 16:04

Latest from ရွှေတည်

Related items