Wednesday, 12 April 2017 21:42

ပင်လယ်ဓားပြများ လက်မှ အိန္ဒိယ ကုန်တင်သင်္ဘောကို ဆိုမာလီယာတပ်ဖွဲ့ ပြန်လည်ရယူနိုင်၊ ဓားစာခံများ ပျောက်ဆုံးလျက်ရှိ

Written by 
Rate this item
(0 votes)

နိုင်ရိုဘီ   ဧပြီ   ၁၁

ဆိုမာလီပင်လယ်ဓားပြများက ဧပြီ ၁ ရက်တွင်  အပိုင်စီးသွားသည့် အိန္ဒိယ ကုန်တင်သင်္ဘော တစ်စင်းကို   ဆိုမာလီလုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ရယူနိုင်သော်လည်း သင်္ဘောပေါ်တွင် လိုက်ပါလာသော အမှုထမ်း ၁၁ ဦးအနက် ကိုးဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း  ဒေသတွင်းရေကြောင်းဆိုင်ရာ တာဝန်ရှိသူများက ဧပြီ ၁၁ ရက်တွင် ထုတ်ဖော်ပြောဆိုသည်။

ပင်လယ်ဓားပြများသည် သင်္ဘောအမှုထမ်းများကို ဆိုမာလီယာအလယ်ပိုင်းရှိ ဟိုဘိုနှင့် ဟာရတ်ဟီယာဒေသ ဝန်းကျင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ယူဆရကြောင်း Oceans Beyond Piracy အဖွဲ့မှ မန်နေဂျာ ဂျွန်စတိက ဆိုသည်။

ပင်လယ်ဓားပြအဖွဲ့သည် Aris 13 အမည်ရှိ ရေနံတင်သင်္ဘောကို လေးရက်ကြာ ပြန်ပေးဆွဲပြီးနောက် အိန္ဒိယ ကုန်တင်သင်္ဘော  Al Kausar ကို အပိုင်စီးခြင်းဖြစ်သည်။ Al Kausar  သင်္ဘောအပိုင်စီးခံရခြင်းသည် ပင်လယ်အတွင်း ဓားပြများ၏ ပြန်ပေးဆွဲခြင်းမှာ ငါးနှစ်နီးပါးကြာ   ငြိမ်သက်သွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ်   အပိုင်စီးခံရသည့် ပြည်ပသင်္ဘောသုံးစင်းအနက် တစ်စင်းအပါအဝင်ဖြစ်သည်။

ဓားစာခံများအား ဖမ်းဆီးထားသည့်နေရာကို မသိရှိရသေးကြောင်း၊ မကြာသေးမီ ကာလအတွင်း ပင်လယ်ဓားပြများသည် ဓားစာခံ ၁၇ ဦးကို ဖမ်းဆီးထားပြီး ၎င်းတို့အနက် ရှစ်ဦးမှာ အီရန်နိုင်ငံသားများဖြစ်ကာ ကိုးဦးမှာ အိန္ဒိယနိုင်ငံသားများဖြစ်ကြောင်း စတိကဆိုသည်။ ၎င်းတို့အား အမြန်ဆုံး ကယ်ဆယ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။ Al Kausar  သင်္ဘောကို  ဆိုမာလီစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက စင်းလုံးငှား၍ ကုန်ပစ္စည်းများကို    သယ်ယူလာခြင်းဖြစ်သည်။ အဆိုပါသင်္ဘောသည် အာရပ်စော်ဘွားများ ပြည်ထောင်စုမှ ဆိုမာလီယာနိုင်ငံ ဘိုဆက်ဆိုမြို့သို့ မောင်းနှင်နေစဉ်  Socotra ကျွန်းအနီး၌ ပင်လယ်ဓားပြများ၏ အပိုင်စီးခြင်းကို ခံရခြင်းဖြစ်ဟု သိရသည်။

Read 249 times Last modified on Wednesday, 12 April 2017 21:45