Tuesday, 04 April 2017 16:12

အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား တို့က ပူးတွဲစစ်ရေး လေ့ကျင့်

Written by 
Rate this item
(0 votes)

ဆိုးလ် ဧပြီ ၃

မြောက်ကိုရီးယား နိုင်ငံ၏ ရေငုပ်သင်္ဘော ခြိမ်းခြောက်မှုများကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား တို့က ဧပြီ ၃ ရက်တွင် ပူးတွဲစစ်ရေး လေ့ကျင့်ခန်း ပြုလုပ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

အဆိုပါ သုံးနိုင်ငံသည် မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ် များဖွံ့ဖြိုး တိုးတက်လာမှုကြောင့် စိုးရိမ်ပူပန် မှုများမြင့်တက်နေစဉ် ယခုကဲ့သို့ ပူးတွဲစစ်ရေး လေ့ကျင့် ခန်း ပြုလုပ်ခြင်းဖြစ်သည်။ထို့ပြင် တရုတ်နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား၏ နျူကလီးယား အရေးနှင့် ပတ်သက်၍ ကူညီရန် ဆန္ဒမရှိပါက အမေရိကန် ပြည်ထောင်စု အနေဖြင့်  တစ်ဖက်သတ် ဥပဒေကို ပြဋ္ဌာန်း သွားမည်ဟု ဒေါ်နယ်ထရမ့်က ဧပြီ ၂ ရက်တွင် သတိပေးပြီးနောက် တပ်ဖွဲ့ဝင် ၈ဝဝ ကျော် ပါဝင်သည့် ယခုစစ်ရေး လေ့ကျင့်ခန်းကို လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်ခန်းတွင် ရေငုပ် သင်္ဘောဖျက် စစ်ဆင်ရေးများ၌ အသုံးပြုသည့် ဖျက်သင်္ဘောများနှင့် ရဟတ်ယာဉ်များ ပါဝင်ပြီး လေ့ကျင့်ခန်းကို ဂျပန်နိုင်ငံ အနီးရှိ  တောင်ကို ရီးယား နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမှ စတင်ပြုလုပ်မည် ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့်လ အနည်းငယ်အတွင်း မြောက် ကိုရီးယားက ဒုံးကျည်စမ်းသပ် ပစ်ခတ်မှု အများအပြား ပြုလုပ်ပြီး နျူကလီးယား စမ်းသပ်ရန်အတွက် ပြင်ဆင်မှုသည်လည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု သတင်း ဌာနများက ဖော်ပြပြီးနောက် ဒေသတွင်း တင်းမာမှုများ ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။ ထို့ပြင် မြောက်ကိုရီးယား၏ ရေငုပ်သင်္ဘော အခြေစိုက် ပစ်လွှတ်နိုင်သည့် နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်သော ဒုံးကျည်နည်းပညာ ဖွံ့ဖြိုးမှုသည် မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန် နေသောကြောင့် ခြိမ်းခြောက်မှု ပိုမိုမြင့်တက် လာပြီဖြစ်ကြောင်း ကျွမ်းကျင် ပညာရှင်များက ပြောသည်။

Read 233 times Last modified on Tuesday, 04 April 2017 17:18

Latest from ရွှေကူ