Friday, 17 March 2017 16:37

တောင်တရုတ်ပင်လယ် အရေးတွင် ဂျပန် ဝင်ရောက် စွက်ဖက်ပါက တုံ့ပြန်မည်ဟု တရုတ်ပြော

Written by 
Rate this item
(0 votes)

ပေကျင်း   မတ်   ၁၆

ပိုင်နက် အငြင်းပွားလျက် ရှိသော တောင်တရုတ်ပင်လယ် အတွင်းရှိ ရေပိုင်နက်သို့ ဂျပန်မှ စစ်သင်္ဘောကြီး တစ်စင်း စေလွှတ်ရန် စီစဉ်ထားကြောင်း

Reuters သတင်းဌာနက ဖော်ပြမှုအပေါ် တောင်တရုတ်ပင်လယ် အရေး ကိစ္စတွင် ဂျပန်က ဝင်ရောက် စွက်ဖက်လျှင် တုံ့ပြန်သွားမည်ဟု တရုတ် အစိုးရက မတ် ၁၆ ရက်တွင် ထုတ်ဖော် ပြောသည်။ လွန်ခဲ့သော နှစ်နှစ်တွင် တပ်တော်သွင်းသည့် အီဇူမို ရဟတ်ယာဉ်တင် သင်္ဘောသည် ဇူလိုင်လတွင် အိန္ဒိယ သမုဒ္ဒရာအတွင်း အမေရိကန်နှင့် အိန္ဒိယ ရေတပ်တို့ အကြား ပြုလုပ်မည့် ပူးတွဲ စစ်ရေးလေ့ ကျင့်ခန်းသို့ မပူးပေါင်းမီ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် သီရိလင်္ကာနိုင်ငံ တို့တွင် ရပ်နားသွားမည် ဖြစ်ကြောင်း သတင်း အရင်းအမြစ်များက Reuters သတင်းဌာနသို့ ပြောသည်။ အီဇူမို ရဟတ်ယာဉ်တင် သင်္ဘော၏ အဆိုပါ ခရီးစဉ်သည် ဒုတိယ ကမ္ဘာစစ် ပြီးဆုံးပြီး နောက် ဒေသအတွင်း ဂျပန်နိုင်ငံ၏ ပထမဆုံး ရေတပ်အင်အားကို ပြသသည့် ခရီးစဉ်လည်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ အချုပ် အခြာနှင့် လုံခြုံရေးကို ထိပါးစေမည့် စစ်ဘက်ဆိုင်ရာ ကြားဝင် စွက်ဖက်မှုနှင့်မှားယွင်းသည့် လုပ်ဆောင်မှု များကို ဂျပန်အစိုးရ ပြုလုပ်လာလျှင် ပြန်လည် တုံ့ပြန်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဟွာချွန်ယင်းက ပြောသည်။ တောင်တရုတ်ပင်လယ် အတွင်းသို့ ဂျပန် အစိုးရက အီဇူမို ရဟတ်ယာဉ်တင် သင်္ဘော စေလွှတ်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ချက်ကို   စောင့်ဆိုင်း နေကြောင်း တရုတ်က မတ် ၁၄ ရက်တွင် ပြောသည်။ သို့သော် ဂျပန်က ယင်းကိစ္စကို တာဝန်ယူ ဖြေရှင်းမည်ဟု မျှော်လင့်ကြောင်း တရုတ်က ဆက်လက် ပြောသည်။ အီဇူမို ရဟတ်ယာဉ်တင် သင်္ဘောနှင့် ပတ်သက်၍ သတင်း အတိအကျ ရထားသည်ဟု ဟွာက ပြောခြင်း မဟုတ်ပေ။ သို့သော် တောင်တရုတ် ပင်လယ် အရေးကိစ္စတွင် ဂျပန်ပါဝင်ပါက ပါရာဆဲကျွန်းနှင့် စပရတ်တလီကျွန်းများကို ထိန်းချုပ်စဉ်က ကဲ့သို့ ဂျပန်အစိုးရ အနေဖြင့် အရှက်တကွဲ ဖြစ်ရမည်ဖြစ်ကြောင်း ဟွာက ဆိုသည်။

Read 572 times Last modified on Friday, 17 March 2017 17:15