Tuesday, 10 January 2017 15:59

မြောက်ကိုရီးယား ဒုံးကျည်များ ပိုင်နက် အနီးသို့ ချဉ်းကပ်လာပါက ပစ်ချမည်ဟု အမေရိကန်ပြော

Written by 
Rate this item
(0 votes)

ဝါရှင်တန်   ဇန်နဝါရီ   ၉

မြောက်ကိုရီးယား၏ ဒုံးကျည်များသည် ကြီးမားသည့် ခြိမ်းခြောက်မှု အဖြစ်ရှိနေပြီး အမေရိကန် ပြည်ထောင်စု၏ နယ်မြေ သို့မဟုတ် မဟာမိတ် နိုင်ငံများ၏ ပိုင်နက်အနီးသို့ ချဉ်းကပ်လာပါက ပစ်ချမည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောသည်။

မြောက်ကိုရီးယား၏ လက်နက် စွမ်းရည်များနှင့် ဒုံးကျည် အစီအစဉ် များသည် အမေရိကန် ပြည်ထောင်စုကြီး အတွက် ကြီးမားသည့် ခြိမ်းခြောက်မှု အဖြစ်ရှိနေပြီး မြောက်ကိုရီးယားမှ လွှတ်တင်သော သို့မဟုတ် စမ်းသပ်ပစ်ခတ်သော ဒုံးကျည်သည် အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ၏ ပိုင်နက်အနီးသို့ ဝင်ရောက်လာပါက ၎င်းတို့ အစိုးရ အနေဖြင့် ပစ်ချရန် အသင့်ရှိကြောင်း ကာကွယ်ရေး ဝန်ကြီး အက်ရှ်တန်ကာတာက NBC သတင်းဌာနနှင့် ဇန်နဝါရီ ၈ ရက်တွင် ပြုလုပ်သော တွေ့ဆုံ မေးမြန်းခန်း တစ်ခု၌ ပြောခြင်းဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံအနေဖြင့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် တစ်စင်းကို မည်သည့် အချိန်တွင် မည်သည့် နေရာမှမဆို  အချိန်မရွေး စမ်းသပ် ပစ်ခတ်နိုင်ပြီ ဖြစ်ကြောင်းနှင့် အမေရိကန် အစိုးရ၏  ရန်လိုသည့် မူဝါဒကြောင့် ၎င်းတို့အနေဖြင့် တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည်ကို ထုတ်လုပ်ရခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာ တစ်ခုက ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် အမေရိကန် အစိုးရ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံအပေါ် ချမှတ်ထားသည့် ရန်လိုသော မူဝါဒကို အဆုံးသတ်ခြင်းနှင့် တောင်ကိုရီးယားရှိ အမေရိကန် ဦးဆောင်သည့်  ကုလသမဂ္ဂ တပ်ဖွဲ့ကို ဖျက်သိမ်းခြင်း မပြုမီ အချိန်အထိ ၎င်းတို့၏ နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်မည် မဟုတ်ကြောင်း မြောက်ကိုရီးယား အစိုးရ ပြောရေးဆိုခွင့် ရှိသူ တစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ KCNA သတင်းဌာနက ဖော်ပြသည်။

သို့ရာတွင် မြောက်ကိုရီးယား နိုင်ငံသည် နျူကလီးယား ထိပ်ဖူးကို တိုက်ချင်းပစ် ဒုံးကျည်တွင် တပ်ဆင် ပစ်ခတ်နိုင်စွမ်း မရှိဟု ယူဆရကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်း၌ ပြောထားကြောင်း သိရသည်။

Read 650 times Last modified on Tuesday, 10 January 2017 16:56