Wednesday, 26 October 2016 12:55

IS အဖွဲ့က ပါကစ္စတန် ရဲသင်တန်းကျောင်းကို ဝင်ရောက်စီးနင်း လူ ၆ဝ သေဆုံး၊ ၁၁၇ ဦးကျော် ဒဏ်ရာရ

Written by 
Rate this item
(0 votes)

ကတ်တာ  အောက်တိုဘာ  ၂၅

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ကတ်တာမြို့ရှိ  ရဲသင်တန်းကျောင်း တစ်ခုကို IS စစ်သွေးကြွအဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာလူ ၆ဝ သေဆုံးပြီး အခြား ၁၁၇ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင် များက အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားသည်။

ကတ်တာမြို့ဆင်ခြေဖုံး ဒေသရှိ သင်တန်းသား ရာပေါင်းများစွာကို လေ့ကျင့် သင်ကြားပေးလျက်ရှိသော ရဲသင်တန်းကျောင်းအား မျက်နှာဖုံးစွပ် သေနတ်သမားများက အောက်တိုဘာ ၂၄ ရက် နှောင်းပိုင်းတွင် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီးနင်းတိုက်ခိုက်မှုမှာ ငါးနာရီနီးပါးကြာမြင့်ခဲ့ပြီး  သေဆုံးသူများအနက် အများစုမှာ ရဲအရာရှိလောင်းများဖြစ်သည်။ထို့ပြင် စစ်သွေးကြွများသည် ရဲအရာရှိလောင်းအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်။

စစ်သွေးကြွများသည် စစ်တန်းလျားများ အတွင်းသို့ တိုက်ရိုက်ဝင်လာပြီး စတင်ပစ် ခတ်ခြင်းဖြစ်ကြောင်း၊ စစ်တန်းလျား တွင် အော်ဟစ်မှုများ ဖြစ်ပွားခဲ့ကြောင်း ၎င်းတိုက်ခိုက်မှုမှ အသက်ရှင်လွတ်မြောက်လာသည့်  ရဲအရာရှိလောင်း တစ်ဦးက သတင်းဌာနများသို့ ပြောကြားသည်။ အချို့သင်တန်းသားများမှာ ပြတင်းပေါက်များမှ တစ်ဆင့် ထွက်ပြေး လွတ်မြောက်သွားပြီး အချို့မှာမူ  အိပ်ရာများအောက်တွင် ပုန်းအောင်းနေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

IS စစ်သွေးကြွအဖွဲ့ကမူ ယင်းတိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပြီး စီးနင်း တိုက်ခိုက်ရာတွင် စစ်သွေးကြွသုံးဦးက စက်သေနတ်များနှင့် လက်ပစ်ဗုံးများကို အသုံးပြုခဲ့ကြောင်း၊ ထို့နောက်  လူအုပ်အတွင်း အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း  အဆိုပါ စစ်သွေးကြွ အဖွဲ့ပိုင်  Amaq သတင်း ဌာနက ဖော်ပြ ထားသည်။ 

 

 

 

Read 805 times Last modified on Wednesday, 26 October 2016 12:58