Sunday, 16 October 2016 11:38

THAAD ဒုံးကျည် ကာကွယ်ရေး စနစ်ကို တရုတ်နှင့် ပူးပေါင်း တုံ့ပြန်မည်ဟု ဆိုလာသည့် ရုရှား

Written by 
Rate this item
(0 votes)

ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သည့် ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့ အကြား တင်းမာမှုများ မြင့်တက်နေစဉ် အမေရိကန်အစိုးရက တောင်ကိုရီးယားနိုင်ငံ၌ THAAD

ဒုံးကျည် ကာကွယ်ရေးစနစ် ဖြန့်ကြက်ချ သွားမည့် အစီအစဉ်ကို ရုရှားတို့က တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ တုံ့ပြန်သွားမည်ဟု  ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ပြောကြား လိုက်သည်။

အဆိုပါ ဒုံးကျည်စနစ်ကို တောင်ကိုရီးယားနိုင်ငံ၌ ဖြန့်ကြက်ချထားရန် အမေရိကန် အစိုးရက စီစဉ်ခြင်းသည် ပထမဆုံးအကြိမ်အဖြစ် လက်ဦးမှုရယူ၍ နျူကလီးယားဖြင့် တိုက်ခိုက်မည့် အစီအစဉ်၏ တစ်စိတ်တစ်ဒေသသာ ဖြစ်သည်ဟု ရုရှားစစ်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး  ဗစ်တာပိုဇနီခီယာက အောက်တိုဘာ ၁၁ ရက်က စွပ်စွဲ ပြောကြားခဲ့ခြင်းဖြစ်သည်။  ယင်းသို့ ပြောကြား လိုက်ခြင်းသည် ဆီးရီးယား အရေးနှင့် စပ်လျဉ်း၍ အမေရိကန် ပြည်ထောင်စု အပါအဝင် ၎င်း၏မဟာမိတ် အနောက်နိုင်ငံများက လုံခြုံရေး ကောင်စီ၌ တင်သွင်းသည့် ဆုံးဖြတ်ချက် မူကြမ်းကို ရုရှား နိုင်ငံက ဗီတိုအာဏာ သုံး၍ ပယ်ချလိုက်ခြင်းကြောင့်   တင်းမာမှုများ မြင့်တက်နေစဉ် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ရုရှားနှင့် တရုတ်နိုင်ငံတို့သည် အမေရိကန်က  တောင်ကိုရီးယားနိုင်ငံ၌ THAAD ဒုံးကျည် ကာကွယ်ရေးစနစ် ဖြန့်ကြက်ချထားရန် စီစဉ်နေခြင်း အပေါ် စိုးရိမ်မကင်းဖြစ်လျက်ရှိပြီး ယင်းသို့ လုပ်ဆောင်ခြင်းအားဖြင့် ကမ္ဘာ့နိုင်ငံများအကြား လက်နက် အပြိုင်အဆိုင် တပ်ဆင်မှု ဖြစ်ပေါ်စေနိုင်ကြောင်း အမေရိကန် အစိုးရကို သတိပေး ပြောကြားခဲ့သည်။ ထို့ပြင် ဖြစ်ပေါ် လာနိုင်သည့် ဒုံးကျည်တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် ရုရှားနှင့်တရုတ်နိုင်ငံ တို့သည် ဒုံးကျည် ကာကွယ်ရေး ဆိုင်ရာ ပူးတွဲစစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို နှစ်နိုင်ငံနယ်စပ်အနီး၌    ယခုနှစ် အစောပိုင်းက ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ယင်းကဲ့သို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို  လာမည့်နှစ်တွင် ထပ်မံလုပ်ဆောင်ရန် နှစ်နိုင်ငံစလုံးက စီစဉ်ထားသည်။ အမေရိကန် ပြည်ထောင်စုသည် ၎င်း၏ ဒေသတွင်း မဟာမိတ် နိုင်ငံဖြစ်သည့်  တောင်ကိုရီးယား နိုင်ငံကို  မြောက်ကိုရီးယားနိုင်ငံ၏ ခြိမ်းခြောက်မှုမှ ကာကွယ်ရန်ဟု ဆိုကာ အဆိုပါ ဒုံးကျည် ကာကွယ်ရေးစနစ်ကို ဖြန့်ကြက် ချထားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယင်းအစီအစဉ်ကို  တောင်ကိုရီးယား ပြည်သူ အများအပြားက ကန့်ကွက်သည့် အနေဖြင့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် တောင်ကိုရီးယား အစိုးရက ဒုံးကျည်စနစ် ဖြန့်ကြက်ချထားမည့် မူလနေရာမှ တခြားတစ်နေရာသို့ ပြောင်းရွှေ့ခဲ့ ရသည်။ တောင်ကိုရီးယားနိုင်ငံ၌ အဆိုပါ ဒုံးကျည်ကာကွယ်ရေး စနစ်ကို  ဖြန့်ကြက်ချထားရန်   တောင်ကိုရီးယားနှင့်  အမေရိကန် အစိုးရတို့က  သဘောတူညီခဲ့ချိန်မှစ၍ ဒေသအတွင်း နိုင်ငံတချို့တွင် အထူးသဖြင့် တရုတ်နိုင်ငံက ကန့်ကွက်ခဲ့သည်။ အမေရိကန်အစိုးရသည် မြောက်ကိုရီးယား၏  လုပ်ဆောင်မှုများကို  အကြောင်းပြချက်အဖြစ် အသုံးပြုကာ စစ်ရေးအရ   တရုတ်နိုင်ငံထက် သာလွန်စေရန်  လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု  တရုတ်စစ်ဘက် ခေါင်းဆောင်များက ရှုမြင်လျက်ရှိသည်။ အလားတူ အမေရိကန်၏  ဒုံးကျည်စနစ် ဖြန့်ကြက်ချထားမည့် အစီအစဉ်သည် တောင်ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေး အတွက် အထောက်အကူ မပြုသည့်အပြင် ဒေသတွင်း၌ လက်နက်ကိုင် ပဋိပက္ခများ  ပိုမို တိုးမြင့် လာစေနိုင်သည်ဟု တရုတ်ဗိုလ်ချုပ်ကြီး တစ်ဦးက ထောက်ပြခဲ့သည်။ တရုတ်နိုင်ငံဘက်က    ကြည့်မည်ဆိုလျှင် တောင်ကိုရီးယား၌ ဖြန့်ကြက်ချထားရန်စီစဉ် ထားသည့် THAAD ဒုံးကျည် ကာကွယ်ရေး စနစ်သည် ၎င်းတို့၏ နျူကလီးယား အန္တရာယ် တားဆီး ကာကွယ်ရေးကို  လျော့ပါးစေနိုင်သည်ဟု စိုးရိမ်မကင်း ဖြစ်နေသည်ကို တွေ့ရသည်။ ထို့ပြင်  ယင်းဒုံးကျည် ကာကွယ်ရေးစနစ်သည် တရုတ်နိုင်ငံအတွက် အမေရိကန် ပြည်ထောင်စု၏  ထိန်းချုပ်ရေး စနစ်တစ်ခုအဖြစ် ထွက်ပေါ်လာမည်ကို တရုတ်အစိုးရက မည်သည့်နည်းနှင့်မျှ လက်ခံမည် မဟုတ်ပေ။

သို့သော် ရုရှားနှင့် တရုတ်နိုင်ငံတို့က မည်မျှပင် ကန့်ကွက်နေစေကာမူ အမေရိကန်နှင့် တောင်ကိုရီးယား အစိုးရတို့သည် မြောက်ကိုရီးယား အန္တရာယ်ကို ကြိုတင်ကာကွယ် နိုင်ရေး အတွက် THAAD ဒုံးကျည် ကာကွယ်ရေး စနစ်အား တောင်ကိုရီးယားနိုင်ငံ၌  ဖြန့်ကြက် ချထားမည့်အစီအစဉ်ကို ရှေ့တိုး လုပ်ဆောင်သွားဖွယ်ရှိသည်။ အကြောင်းမှာ  မြောက်ကိုရီးယား အစိုးရသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ ဖိအားပေးမှုနှင့် ပိတ်ဆို့မှုများကို အာခံပြီး ၎င်းတို့၏ နျူကလီးယား အစီအစဉ်နှင့် ဒုံးကျည် စမ်းသပ်မှုများကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သောကြောင့် ဖြစ်သည်။ မြောက်ကိုရီးယား နိုင်ငံအနေဖြင့်  ကုလသမဂ္ဂက တားမြစ်ထားသည့် အစီအစဉ်များကို ထပ်မံလုပ်ဆောင်ခဲ့မည် ဆိုပါက    ကိုရီးယား ကျွန်းဆွယ်ပေါ်၌ တင်းမာမှုများ ပိုမိုမြင့်တက် လာမည်ဖြစ်သည်။ ထိုအခါ  အမေရိကန် ပြည်ထောင်စုအနေဖြင့် တောင်ကိုရီးယားနိုင်ငံကို မြောက်ကိုရီးယားနိုင်ငံ၏  ကျူးကျော်ရန်စမှုမှ ကာကွယ်ရန်ဟု အမေရိကန်အစိုးရက အကြောင်းပြကာ စစ်လက်နက် များကိုထပ်မံ ဖြန့်ကြက် ချထားလာနိုင်ဖွယ်ရှိသောကြောင့် တောင်ကိုရီးယား၌ THAAD ဒုံးကျည် ကာကွယ်ရေးစနစ် ဖြန့်ကြက်ချထားသည့် အစီအစဉ်ကို တုံ့ပြန်သည့် အနေဖြင့် ရုရှားနှင့် တရုတ်နိုင်ငံတို့က မည်သို့သော ပူးပေါင်းမှုမျိုး ထပ်မံ လုပ်ဆောင် လာမည်ကိုသာ  စောင့်ကြည့်ရမည် ဖြစ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။

ဇေယျဘုန်း

Read 649 times Last modified on Sunday, 16 October 2016 11:42