Sunday, 16 October 2016 11:26

အရှေ့အလယ်ပိုင်း၌ စစ်မျက်နှာသစ် တစ်ခု ထပ်မံဖွင့် လှစ်ရန် တွန့်ဆုတ်လာသည့် အမေရိကန်

Written by 
Rate this item
(0 votes)

ယီမင်ကမ်းလွန်၌  ဖြန့်ကြက် ချထားသည့် အမေရိကန် စစ်သင်္ဘောများအား ဟူသီသူပုန် များက ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နောက်တွင် လက်တုံ့ပြန်သည့် အနေဖြင့်

ယီမင်နိုင်ငံ အတွင်းရှိ အဆိုပါ သူပုန်များ၏ ပစ်မှတ်များအပေါ် အမေရိကန်စစ်ဘက်က အောက်တိုဘာ ၁၂ ရက်တွင် ဒုံးကျည်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း အမေရိကန် အစိုးရအနေဖြင့် အရှေ့အလယ်ပိုင်းရှိ လက်နက်ပဋိပက္ခ တစ်ရပ်တွင် ထပ်မံပါဝင်ရန်  တွန့်ဆုတ်လျက်ရှိကြောင်း သုံးသပ်သူများက ပြောကြားထားသည်။

ယီမင် လက်နက်ကိုင် ပဋိပက္ခကို ကြည့်မည်ဆိုပါက ဒေသတွင်း အင်အားကြီး အီရန်က ထောက်ခံထားသည့် ဟူသီသူပုန်များသည် ယီမင်အစိုးရကို ရာထူးမှဖယ် ရှားပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံက ၎င်းတို့ထောက်ခံသည့် ယီမင်အစိုးရကို အာဏာ ပြန်လည် အပ်နှင်းနိုင်ရန် သူပုန်များအပေါ် လေကြောင်းမှ တိုက်ခိုက်နေခြင်းဖြစ် သည်။ ယင်းသို့ တိုက်ခိုက်နိုင်ရန် အမေရိကန်ပြည်ထောင်စုက ဆော်ဒီအစိုးရကို ထောက်လှမ်းရေးသတင်း၊ လက်နက်များ ရောင်းချပေးခြင်းတို့ အပါအဝင် တခြားအကူ အညီများ ပေးအပ်လျက်ရှိသည်။     ထို့ကြောင့် ယီမင်ပဋိပက္ခသည် အင်အားကြီး နိုင်ငံများအကြား ဖြစ်ပွားနေသည့် ကိုယ်စား စစ်ပွဲတစ်ရပ် ဟူ၍လည်း ဆိုနိုင်သည်။

အမေရိကန် အစိုးရသည် ပင်လယ်ကွေ့တွင် ဖြန့်ကြက်ချထားသည့် ၎င်းတို့၏ စစ်သင်္ဘော များကို ထိပါးနှောင့်ယှက်ပါက တိုက်ခိုက်မှုများ ထပ်မံ လုပ်ဆောင် သွားမည်ဟု အောက်တိုဘာ ၁၃ ရက်က ပြောကြားခဲ့သော်လည်း ယီမင်အရေးတွင် နက်ရှိုင်းစွာ ပါဝင်လိုခြင်း မရှိသည်ကို တွေ့ရသည်။ အကြောင်းမှာ တိုက်ခိုက်မှုများ စတင်ဖြစ်ပွားရာ၂ဝ၁၅ ခုနှစ်  ဇန်နဝါရီလမှစ၍ ဆော်ဒီအာရေဗျ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခန့်မှန်းခြေ ယီမင်အရပ်သား ၂ဝဝဝ ကျော်   သေဆုံး ခဲ့ရခြင်းကြောင့်ဖြစ်သည်။ စင်စစ်တွင် သေဆုံးသူ အရပ်သားဦးရေမှာ ပိုမိုမြင့်တက်ဖွယ် ရှိသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းက ယီမင်နိုင်ငံ အတွင်းကျင်းပနေသည့် ဈာပန အခမ်းအနားတစ်ခုကို ဆော်ဒီ တိုက်လေယာဉ်များက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ  တိုက်ခိုက်မှု အတွင်း  လူပေါင်း  ၁ဝဝ  ကျော် သေဆုံးခဲ့ခြင်းကြောင့် ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ဝေဖန် ပြောကြားမှုများ ထွက်ပေါ်လာပြီးနောက် အမေရိကန် အစိုးရသည် ဆော်ဒီ အစိုးရအပေါ် ထားရှိသည့် ၎င်းတို့၏ ထောက်ခံအားပေးမှုကို ပြန်လည် သုံးသပ် လာသည့်အပြင်   သတိပေးမှုများကိုပါ လုပ်ဆောင်ခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် အီရတ်နိုင်ငံသို့ ၂ဝဝ၃ ခုနှစ်က ဝင်ရောက်ကျူးကျော် တိုက်ခိုက်ပြီးချိန်မှစ၍ အရှေ့အလယ်ပိုင်းရှိ လက်နက်ကိုင် ပဋိပက္ခများမှ ရုန်းထွက် နိုင်ခြင်း မရှိသေးပေ။ သို့သော် အိုဘားမား အစိုးရ၏ အာရှဗဟိုပြုရေး မူဝါဒ ထွက်ပေါ်လာပြီး နောက်တွင် ၎င်းတို့၏ ရပ်တည်ချက်ကို ပြောင်းလဲလာခဲ့ပြီး စစ်ရေးအရ တိုက်ရိုက်ပါဝင်နေမှုကို    လျှော့ချလာခြင်းကြောင့် အမေရိကန် စစ်ဘက်အနေဖြင့် အမိုက်ခံ၍အရှေ့ အလယ်ပိုင်း၌ နောက်ထပ် စစ်မျက်နှာ တစ်ခု ဖွင့်လှစ်မည့် အလားအလာ မရှိကြောင်း သုံးသပ်ရပါသည်။

ဇေယျဘုန်း

Read 409 times Last modified on Sunday, 16 October 2016 11:38