Friday, 21 April 2017 20:53

ကိုလံဘီယာနိုင်ငံ၌ ရေကြီးမှုနှင့် မြေပြိုမှု ဖြစ်ပွား၊ အနည်းဆုံး ၁၁ ဦး သေဆုံး

Written by 
Rate this item
(0 votes)

ဘိုဂိုးထာ   ဧပြီ   ၂ဝ

ကိုလံဘီယာနိုင်ငံ အလယ်ပိုင်းရှိ မာနီဇာလပ်စ်မြို့၌ ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူ ၁၁ ဦး သေဆုံးပြီး ၂ဝ ထက်မနည်း ပျောက်ဆုံးလျက် ရှိကြောင်း ကြက်ခြေနီ အဖွဲ့က ဧပြီ ၁၉ ရက်တွင် ပြောသည်။

ထို့ပြင် မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနေသည့် အတွက် သတိပေးချက်များ ထုတ်ပြန်ထားရပြီး သေဆုံးသူ ဦးရေမှာလည်း ဆက်လက်မြင့်တက်နိုင်ဖွယ် ရှိကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။ ယင်းနိုင်ငံ၌ မတ် ၃၁ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှု ဖြစ်ပွားရာ မြစ်ကမ်းပါးသုံးခု ပြိုကျပြီး ကလေးငယ် ၁ဝဝ ကျော် အပါအဝင် ၃၂၃ ဦးထက် မနည်း သေဆုံးပြီး ရွှံ့နှင့် ကျောက်တုံးကြီးများ မြို့အတွင်းသို့ လိမ့်ဝင်ခဲ့ကြောင်း သိရသည်။ မာနီဇာလပ်စ်မြို့၌ ရေကြီးမှုများ၊ မြေပြိုမှုများ ဖြစ်ပွားနေသည့် အပြင် ကျောက်တုံး ကျောက်ခဲများဖြင့် ပိတ်ဆို့နေပြီး ရက်ပေါင်းများစွာကြာ မိုးသည်းထန်စွာ ရွာသွန်း နေသည့် အတွက် မြို့အတွင်း သတိပေးချက် ထုတ်ပြန်ထားရကြောင်း မြို့တော်ဝန် ဟိုဆေးအောက်တာ ဗိုကာဒိုနာက ဒေသတွင်း အသံလွှင့်ဌာနများသို့ ပြောထားသည်။ ထို့ပြင် သမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ် သည်လည်း ယင်းမြို့သို့သွားမည့် ၎င်း၏ ခရီးစဉ်ကိုလည်း ဆိုင်းငံ့ထားကြောင်း သိရသည်။ အဆိုပါမြို့ကို  စိုးရိမ်ဖွယ် အခြေအနေ အဖြစ် သတ်မှတ်ရန် အရေးပေါ် အေဂျင်စီနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနများမှ တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း ဆန်းတို့စ်က ပြောသည်။ ဒေသရှစ်ခုမှာ ရေကြီးမှုနှင့် မြေပြိုမှုဒဏ် များခံစားရပြီး နေအိမ်များစွာ မြေဖုံးလွှမ်းသွားကြောင်း အရေးပေါ်ဌာနမှ တာဝန်ရှိသူများက ပြောထားသည်။

Read 39 times Last modified on Friday, 21 April 2017 20:59

Latest from ရွှေတည်