Friday, 21 April 2017 17:05

အီရန်သည် ဒုတိယ မြောက်ကိုရီးယား ဖြစ်လာနိုင်ဟု တေလာဆန်ဆို

Written by 
Rate this item
(0 votes)

ဝါရှင်တန်   ဧပြီ   ၂ဝ

အီရန် နျူကလီးယား အစီအစဉ်နှင့် စပ်လျဉ်း၍ ချမှတ်ထားသည့် သဘောတူညီချက်သည် ကျရှုံးမှုတစ်ရပ် ဖြစ်ပြီး အဟန့်အတား ကင်းမဲ့နေသည့် အီရန်သည် ဒုတိယ မြောက်ကိုရီးယား ဖြစ်လာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တေလာဆန်က ပြောသည်။

အမေရိကန် အစိုးရအနေဖြင့် ၎င်းတို့၏ အီရန်နိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ်လျက်ရှိပြီး အိုဘားမား အစိုးရ လက်ထက်က ချမှတ်ထားသည့် သဘော တူညီချက်သည် စင်စစ်တွင် အီရန်၏ နျူကလီးယား လက်နက်နိုင်ငံ တစ်နိုင်ငံ ဖြစ်လာရေး ရည်မှန်းချက်ကို အခိုက်အတန့် အားဖြင့်သာ နှောင့်နှေးစေကြောင်း တေလာဆန်က ဧပြီ ၁၉ ရက်တွင် ပြောသည်။ အီရန်နိုင်ငံသည် ၎င်းတို့၏ နျူကလီးယား စွမ်းဆောင်ရည်ကို ကန့်သတ်ရန် သမ္မတဟောင်း ဘားရက်အိုဘားမားနှင့် သဘောတူ ချမှတ်ထားသည့် ၂ဝ၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်ကို လိုက်နာလျက် ရှိကြောင်း အမေရိကန် အစိုးရက လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာ၌ ဖော်ပြပြီး နောက်ပိုင်းတွင် တေလာဆန်၏ ပြောဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့ပြင် အီရန်သည် ဆီးရီးယား ပြည်တွင်းစစ်ကဲ့သို့ ပဋိပက္ခများကို ပိုမို ဆိုးရွားစေရန် လုပ်ဆောင်နေပြီး နိုင်ငံအချို့ရှိ အမေရိကန်၏ အကျိုးစီးပွား လျော့ပါးစေရန် အပြင် အစ္စရေးအပေါ် တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်စေရန် ထောက်ပံ့ ပေးကာ ကမ္ဘာတစ်ဝန်းတွင် ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပွားစေရန် အထောက်အပံ့ ပေးလျက် ရှိသည်ဟု တေလာဆန်က စွပ်စွဲထားကြောင်း သိရသည်။ သို့သော် အဆိုပါ နျူကလီးယား အစီအစဉ်သည် အရပ်ဘက်တွင်သာ အသုံးပြုရန် ဖြစ်ကြောင်း အီရန်နိုင်ငံက တုံ့ပြန်ပြောထားပြီး အမေရိကန်နှင့်  ၎င်းတို့အကြား ချုပ်ဆိုထားသည့် နျူကလီးယား သဘောတူညီချက်ကို အမေရိကန် အစိုးရက ဖောက်ဖျက်ပါက လက်တုံ့ပြန်မည်ဟု အီရန် ဘာသာရေး ခေါင်းဆောင် ခါမေနီက ပြီးခဲ့သည့် နိုဝင်ဘာလတွင် သတိ ပေးထားကြောင်း သိရသည်။

Read 17 times Last modified on Friday, 21 April 2017 17:11