Friday, 21 April 2017 17:01

တာဝန်ရှိသူများ အနေဖြင့် ပိုင်ဆိုင်မှုကို တင်ပြရမည်ဟု တရုတ်က သံမဏိ စည်းမျဉ်းများ ချမှတ်

Written by 
Rate this item
(0 votes)

ပေကျင်း     ဧပြီ     ၂ဝ

တရုတ်အစိုးရ တာဝန်ရှိသူများ အနေဖြင့် ပိုင်ဆိုင်မှုများ အပါအဝင် ပုဂ္ဂိုလ်ရေး ဆိုင်ရာ သတင်း အချက် အလက်များကို အာဏာရ ကွန်မြူနစ်ပါတီသို့ ပေးပို့ရမည် ဟူသော သံမဏိစည်းမျဉ်းကို အစိုးရအဖွဲ့က ချမှတ်လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ပြောသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဖြုန်းတီးမှုနှင့် လာဘ်စားမှုတို့ကို ပါတီအပေါ် လူထုက အကြည်ညို မဲ့စေသည့် လုပ်ရပ် အဖြစ် ရှုမြင် သုံးသပ် ထားသည့်အတွက် လာဘ်စားမှု တိုက်ဖျက်ရေးကို အစဉ်တစိုက် လုပ်ဆောင်လာခြင်း ဖြစ်ပြီး နောက်ဆုံး အနေဖြင့် ယခုကဲ့သို့ စည်းကမ်းချက် ချမှတ်လိုက်ခြင်း ဖြစ်သည်။ ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူးနှင့် အထက် အစိုးရ တာဝန်ရှိသူများ အနေဖြင့် အိမ်ထောင် ရှိ၊ မရှိ၊ ပြည်ပခရီးစဉ် သွားရောက်မှုများ၊ ပြစ်မှု မှတ်တမ်းများ၊ ရရှိသည့် လုပ်အားခများနှင့် အခြားဝင်ငွေများ၊ မိသားစု ပိုင်ဆိုင်မှုများ၊ သိုလှောင်ကုန်များ၊ ရန်ပုံငွေများ၊ အာမခံနှင့် အခြား ရင်းနှီးမြှုပ်နှံမှုများ အစရှိသည်တို့ အပါအဝင် ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်း အချက်အလက်များကို ပါတီသို့ မဖြစ်မနေ ပေးပို့ရမည် ဖြစ်ကြောင်း Xinhua သတင်းဌာနက ဧပြီ ၁၉ ရက် နှောင်းပိုင်းတွင် ထုတ်ပြန် ထားသည်။ အဆိုပါ အမိန့်များကို ပါတီ၏ ဗဟိုကော်မတီရုံးချုပ်နှင့် အစိုးရအဖွဲ့ ဖြစ်သည့် နိုင်ငံတော် ကောင်စီရုံးချုပ်တို့က ပူးတွဲ ထုတ်ပြန်ခြင်းဖြစ်ပြီး ပေးပို့လာသည့် အချက်အလက်များကို ကျပန်း စာရင်းစစ်များဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ပိုင်ဆိုင်မှုများ တင်ပြခြင်းကို ပါတီအပေါ် သစ္စာရှိမှု ဖော်ပြသည့် အရေးကြီးသော လုပ်ရပ်အဖြစ် သတ်မှတ်ထားသည့် အပြင် ၎င်းသည် ပါတီအတွင်း ရာထူးတိုးမြှင့်မှုနှင့်လည်း သက်ဆိုင်မှု ရှိစေမည် ဖြစ်ကြောင်း Xinhua သတင်းဌာနက ဖော်ပြ ထားသည်။ တရုတ်နိုင်ငံတွင် ဖြစ်ပွားသည့် လာဘ်စားမှု အများစုတွင် အစိုးရ အဖွဲ့ဝင်များ၏ အမည်ဖြင့် မှတ်ပုံတင်ထားသော စီးပွားရေးလုပ်ငန်းများနှင့် ဆွေမျိုးများ၏ အမည်ပေါက် ပိုင်ဆိုင်မှုများ ပါဝင်ပတ်သက် နေကြောင်း သိရသည်။

Read 19 times Last modified on Friday, 21 April 2017 17:05