Friday, 21 April 2017 16:54

အင်ဒိုနီးရှားနှင့် ကုန်သွယ်မှု ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းလာသည့် အမေရိကန် အစိုးရ

Written by 
Rate this item
(0 votes)

အမေရိကန် အစိုးရသည် အင်ဒိုနီးရှား နိုင်ငံနှင့် နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ဖြစ်ထွန်းနိုင်သည့် ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံရေး တစ်ရပ်ကို တိုးမြှင့် တည်ဆောက်ရန် ကြိုးပမ်းလျက် ရှိသည်ဟု အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောသည်။

ပန့်စ်သည် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် မြို့တော် ဂျကာတာ၌ ဧပြီ ၂ဝ ရက်တွင် တွေ့ဆုံပြီးနောက် နှစ်နိုင်ငံစလုံး၏ စီးပွားရေးကို ပိုမိုတိုးချဲ့နိုင်ရန် အထောက်အကူ ပြုမည့် လွတ်လပ်ပြီး ပိုမိုတရားမျှတမှု ရှိသည့် ကုန်သွယ်ရေးကို တည်ထောင်ရန် ခေါင်းဆောင် နှစ်ဦးစလုံးက သဘော တူကြသည်။ ထို့ပြင် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်း နိုင်စေရေး အတွက် အဖြေရှာမှု အပေါ် အခြေခံ ထားသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များကို စီမံခန့်ခွဲရေးနှင့် စပ်လျဉ်း၍ အဖွဲ့အစည်း တစ်ခုက လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တို့ကို အဓိကထား လုပ်ဆောင်မည့် မဟာဗျူဟာမြောက် မိတ်ဖက် ပူးပေါင်းခြင်းကိုလည်း နှစ်နိုင်ငံ စလုံးက ပိုမိုတိုးမြှင့် သွားမည် ဖြစ်ကြောင်း သမ္မတ ဝီဒိုဒိုက ပြောသည်။ အင်ဒိုနီးရှား နိုင်ငံသည် အမေရိကန် ပြည်ထောင်စု၏ အဓိက ကုန်သွယ်ဖက် ၁၆ နိုင်ငံအနက် တစ်နိုင်ငံဖြစ်ပြီး အရှေ့တောင် အာရှတွင် အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ အဖြစ် ရပ်တည်လျက် ရှိသည်။ အင်ဒိုနီးရှားနှင့် အမေရိကန် ပြည်ထောင်စုတို့ အကြား ပြီးခဲ့သည့်နှစ် ကုန်သွယ်မှု ပမာဏသည် ဒေါ်လာ ၂၃ ဒသမ ၄ ဘီလီယံအထိ ရောက်ရှိပြီး အင်ဒိုနီးရှားနိုင်ငံက အမေရိကန် ထုတ်ကုန်ပစ္စည်း တင်သွင်းမှု လျော့ကျရခြင်းမှာ ကုန်ပစ္စည်း ဈေးနှုန်း မြင့်တက်ခြင်းကြောင့် ဖြစ်သည်ဟု အင်ဒိုနီးရှား ဒုတိယသမ္မတ ဂျူဆက်ဖ်ကယ်လာက ဆိုသည်။ အမေရိကန် ပြည်ထောင်စုသည် ကုန်သွယ်မှု လိုငွေပြခြင်းနှင့် ကြုံတွေ့ရပြီးနောက် နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် ကုန်သွယ်ဖက် နိုင်ငံ ၁၆ နိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည် သုံးသပ်မှု ပြုလုပ်စဉ် အမေရိကန် အစိုးရ၏ ပြောဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

Read 22 times Last modified on Friday, 21 April 2017 17:01

Latest from ရွှေတည်