Thursday, 20 April 2017 16:50

ဖရက်စ်နိုမြို့၌ အကြမ်းဖက် ပစ်ခတ်မှုဖြစ်ပွား၊ သုံးဦးသေဆုံး

Written by 
Rate this item
(0 votes)

ဖရက်စ်နို ဧပြီ ၁၉

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဖရက်စ်နိုမြို့လယ်၌ ဧပြီ ၁၈ ရက်တွင် ဘလက်ဂျီးဆပ်ဟု အမည်ပြောင်ရှိသော သေနတ်သမား တစ်ဦး၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် လူသုံးဦး သေဆုံးကြောင်းနှင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း မခံရမီ အစ္စလာမ် ဘာသာရေးဆိုင်ရာ ကြွေးကြော်မှုနှင့် အတူ အခြားသူ တစ်ဦးကိုလည်း ပစ်ခတ်လိုက်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

အသက် ၃၉ နှစ်ရှိ ကိုရီအလီ မူဟာမတ်ဆိုသူ အမျိုးသားသည် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ယင်းမြို့ရှိ Motel 6 အိမ်ရာ၌ ဖြစ်ပွားသော လက်နက်မဲ့ လုံခြုံရေး တစ်ဦးကို အကြမ်းဖက် ပစ်ခတ်မှုနှင့် ပတ်သက်၍လည်း အလိုရှိနေသူ ဖြစ်ကြောင်း ရဲအရာရှိချုပ် ဂျယ်ရီဒိုင်ယာက သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ပြောသည်။ မူဟာမတ်သည် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် မြို့လယ်၌ တစ်မိနစ်အတွင်း ပြောင်းကျယ်သေနတ်ဖြင့် ၁၆ ချက်ခန့် ပစ်ခတ်ခြင်း ဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့က ချက်ချင်း ဖမ်းဆီးလိုက်နိုင်ကြောင်း ဒိုင်ယာက ပြောသည်။ အာဖရိကန်-အမေရိကန် နွယ်ဖွားဖြစ်သူ မူဟာမတ်သည် ၎င်းအနေဖြင့် လူဖြူများကို နှစ်သက်ခြင်း မရှိကြောင်း ဖေ့ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားသည်ဟု ဒိုင်ယာက ဆက်လက်ပြောသည်။ အလားတူ ယခု သေဆုံးသွားသူများ အားလုံးသည်လည်း လူဖြူများပင် ဖြစ်ကြောင်း၊ မူဟာမတ်သည် အလိုရှိသူ တရားခံပြေး ဖြစ်သည့်အတွက် ရဲတပ်ဖွဲ့က ချက်ချင်းဖမ်းဆီးနိုင်ခြင်း ဖြစ်ကြောင်းနှင့် ၎င်းသည် လက်နက်နှင့် မူးယစ်ဆေးဝါး အမှုများဖြင့် ပြည်နယ် အကျဉ်းထောင်တွင် ပြစ်ဒဏ် ကျခံဖူးသည့် ရာဇဝင်ရှိကြောင်း ဒိုင်ယာ၏ ပြောဆိုမှုအရ သိရသည်။

Read 24 times Last modified on Thursday, 20 April 2017 16:57

Latest from ရွှေကူ