Thursday, 20 April 2017 16:50

အိန္ဒိယ နိုင်ငံ၌ ဘတ်စ်ကားတစ်စီး မြစ်အတွင်းသို့ ထိုးကျ၊ ၄၄ ဦးထက်မနည်း သေဆုံး

Written by 
Rate this item
(0 votes)

နယူးဒေလီ ဧပြီ ၁၉

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ်ဗရာဒေ့ရှ် ပြည်နယ်၌ ခရီးသည်တင် ဘတ်စ်ကားတစ်စီး မြစ်အတွင်းသို့ ထိုးကျသွားရာ လူ ၄၄ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦးဒဏ်ရာ ရရှိကြောင်း တာဝန်ရှိသူများက ဧပြီ ၁၉ ရက်တွင် ပြောသည်။

အဆိုပါ ယာဉ်မတော်တဆမှုသည် ဟီမာချယ်ဗရာဒေ့ရှ် ပြည်နယ်၏ မြို့တော် ရှင်းမလား ဒေသရှိ ဂူမာအရပ် အနီး၌ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသည် ၅၆ ဦးတင်ဆောင်လာသော အဆိုပါ ဘတ်စ်ကားသည် ဧပြီ ၁၉ ရက် မွန်းလွဲပိုင်း အချိန်တွင် မြစ်အတွင်းသို့ ထိုးကျသွားခြင်း ဖြစ်ကြောင်း ရှင်းမလား ဒုတိယ မဟာမင်းကြီး ရိုဟန်ချန်သကာက Xinhua သတင်းဌာနသို့ တယ်လီဖုန်းဖြင့် ပြောသည်။ အဆိုပါ ဘတ်စ်ကားသည် အွတ်ကရာခန်း ပြည်နယ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး ရှင်းမလား ဒေသကို ဖြတ်သန်းမောင်းနှင်ခြင်း ဖြစ်ကြောင်း သိရသည်။ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး အဖွဲ့သည် ယာဉ်မတော်တဆ ဖြစ်ပွားရာနေရာကို ရောက်ရှိလာပြီး လူသေအလောင်းများ ဆယ်ယူခြင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူ ဒီးပက်ကူမာကပြောသည်။ ဝန်ပိုတင်ဆောင်မှု၊ လမ်းမကောင်းမှုနှင့် မဆင်မခြင်မောင်းနှင်မှု တို့ကြောင့် အိန္ဒိယ နိုင်ငံ၌ ယာဉ်မတော်တဆမှု များစွာ ဖြစ်ပွားကြောင်းနှင့် အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို မသိရှိရသေးကြောင်း သိရသည်။ အိန္ဒိယ နိုင်ငံ၌ ၂ဝ၁၅ ခုနှစ်တွင် ယာဉ်မတော်တဆမှု ၅ဝ၁၄၂၃ မှုဖြစ်ပွားပြီး ၁၄၆၁၃၃ ဦးသေဆုံးကာ ၅ဝဝ၂၇၉ ဦး ဒဏ်ရာရရှိကြောင်း အိန္ဒိယ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

Read 26 times Last modified on Thursday, 20 April 2017 16:56

Latest from ရွှေကူ