Thursday, 20 April 2017 16:50

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်များ တိုးတက်လာမှု အတွက် အလွန်အမင်း စိုးရိမ်ဟု တရုတ်ဆို

Written by 
Rate this item
(0 votes)

ပေကျင်း ဧပြီ ၁၉

ပြီးခဲ့သည့်ရက် အနည်းငယ်အတွင်း ဖြစ်ပေါ်လာသည့် မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်များ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ အနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူကန်းက ဧပြီ ၁၉ ရက်တွင်ပြောသည်။

နျူကလီးယား စမ်းသပ်မှု အသစ်တစ်ခုပြုလုပ်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်းနှင့် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများကို အပတ်စဉ်၊ လစဉ်နှင့်နှစ်စဉ် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား ဒုတိယသံအမတ် ကြီးနှင့် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးတို့က အတိအလင်း ပြောပြီးနောက် တရုတ်အစိုးရ၏ သဘောထားမှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ အနေဖြင့် ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယား ကင်းစင်ရေးနှင့် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေးတို့ကို ထောက်ခံအားပေးကြောင်း၊ ဖြစ်ပေါ်နေသော တင်းမာမှုများကို တွေ့ဆုံဆွေးနွေးမှုနှင့် အကြံဥာဏ်များ တောင်းခံခြင်းတို့ဖြင့် ဖြေရှင်းသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ရပ်တည်ချက်သည် ပြောင်းလဲမည် မဟုတ်ကြောင်း လူကန်းကပြောသည်။

ထို့ပြင် တရုတ်နိုင်ငံသည် အဆိုပါ ဒေသအတွင်း သည်းခံနိုင်မှုများ ကုန်ဆုံးပြီး တင်းမာမှုများ မြင့်တက်လာစေမည့် မည်သည့် စကားလုံးကိုမဆို အတိအလင်း ကန့်ကွက်ကြောင်းနှင့် ကိုရီးယားကျွန်းဆွယ် အရေးသည် ရှုပ်ထွေးပြီး ထိလွယ်ရှလွယ်ကြောင်း လူကဆက်လက် ပြောသည်။ အလားတူ ယင်းတင်းမာမှုများတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့များ အနေဖြင့် တင်းမာမှု လျော့ကျရေးကိုသာ ဦးတည်လုပ်ဆောင်သွားရန် လူက တောင်းဆိုထားသည်။

Read 26 times Last modified on Thursday, 20 April 2017 16:55

Latest from ရွှေကူ