Thursday, 20 April 2017 16:00

မွန်ဂိုလီးယားက ပထမဆုံး ဂြိုဟ်တုလွှတ်တင်

Written by 
Rate this item
(0 votes)

အူလန်ဘာတာ ဧပြီ ၁၉

မွန်ဂိုလီးယား နိုင်ငံသည် သဘာဝအရင်း အမြစ်အပေါ် မှီခိုနေသည့် စီးပွားရေးကို ဖွံ့ဖြိုး တိုးတက်စေရန် နည်းပညာအသစ် အသုံးပြုခြင်း၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ပထမဆုံး ဂြိုဟ်တုကို ဧပြီ ၁၉ ရက်တွင် လွှတ်တင်လိုက်ကြောင်း သိရသည်။

Mongol Sat-1 အမည်ရှိ 1227-mega-hertz ဂြိုဟ်တုသည် ကုန်းတွင်း ပိတ်နိုင်ငံဖြစ်သည့် မွန်ဂိုလီးယား နိုင်ငံ၏ ရုပ်မြင်သံကြားလိုင်းများ၊ ဆက်သွယ်ရေး လိုင်းများနှင့် ကြိုးမဲ့ အင်တာနက် ချိတ်ဆက်မှု စနစ်များကို ပိုမိုတိုးချဲ့ နိုင်စေမည်ဖြစ်ကြောင်း မွန်ဂိုလီးယား လွှတ်တော်ဝက်ဘ်ဆိုက်တွင် လွှင့်တင်ထားသည့် ဗီဒီယိုအရသိရသည်။

အဆိုပါ ဂြိုဟ်တုကို နိုင်ငံအတွင်းရှိ ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Asia Broadcast Satellite (ABS) နှင့် အကျိုးတူ ပူးပေါင်း၍ လွှတ်တင်ခြင်း ဖြစ်သော်လည်း ဂြိုဟ်တုကုန်ကျ စရိတ်နှင့် ဂြိုဟ်တုလွှတ်တင်မှု တို့အတွက် ထောက်ပံ့မှု အသေးစိတ်တို့ကို တာဝန်ရှိသူများက ထုတ်ဖော်ပြောခြင်း မရှိသေးကြောင်း သိရသည်။

ယင်းကဲ့သို့ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရန် အတွက် စီမံကိန်းကို လွန်ခဲ့သည့် ၁ဝ နှစ်က တည်းက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ လွှတ်တင်နိုင်မှုသည် သမိုင်းဝင်ဖြစ်ရပ် ဖြစ်ကြောင်းနှင့် အာကာသ အတွင်းသို့ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်မှု အတွက်လည်း ဂုဏ်ယူ ဝမ်းမြောက်ကြောင်း မွန်ဂိုလီးယား လွှတ်တော် ဥက္ကဋ္ဌ မီယီးဂွမ်ဘိုအန့်ခ်ဘိုးက ABS အလုပ်အမှုဆောင် အရာရှိချုပ် သောမတ်စ်ချွဲနှင့် တွေ့ဆုံစဉ်ပြောသည်။ ထို့ပြင် အဆိုပါ ဂြိုဟ်တုသည် အာကာသ စူးစမ်းလေ့လာမှု၊ မြေပုံရေးဆွဲမှုနှင့် သဘာဝ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု တို့တွင် အကူအညီများ ပေးနိုင်မည်ဖြစ်ကြောင်း အန့်ခ်ဘိုးကပြောသည်။ မွန်ဂိုလီးယား နိုင်ငံသည် ဝေးလံခေါင်ဖျား သောဒေသများနှင့် အလှမ်းဝေးလွန်းသော ဒေသများတွင် ဆက်သွယ်ရေး ကွန်ရက်များ ဖြန့်ကြက်နိုင်ရန် အတွက် နည်းပညာအသစ် များကို ချမှတ်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

Read 20 times Last modified on Thursday, 20 April 2017 16:04