Thursday, 20 April 2017 15:43

သား/ငါးကဏ္ဍ ဖွံ့ ဖြိုးရေး တစ်ဦးချင်း တာဝန်

Written by 
Rate this item
(0 votes)

မြန်မာနိုင်ငံ သား/ငါးကဏ္ဍ ဖွံ့ဖြိုးရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဖော်ဆောင်ရာတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

ငါးလုပ်ငန်း ဦးစီးဌာနသည် မြစ်ချောင်း အင်းအိုင်များ အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်းကို နှစ်စဉ် ဆောင်ရွက် နေသကဲ့သို့ နှစ်စဉ် ငါးမဖမ်းရ ရာသီကိုလည်း သတ်မှတ် ပေးလျက်ရှိရာ ၂ဝ၁၇ ခုနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၈ ရက်အထိ ငါးမဖမ်း ရရာသီ အဖြစ် သတ်မှတ် ကြေညာထားသည်။

မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံ တို့အကြား ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ သဘော တူညီချက်အရ ငါးလုပ်ငန်းဦးစီးဌာန၊ ဂျာမန် လယ်ယာကဏ္ဍ ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့(GIZ)၊ ဥရောပသမဂ္ဂ အဖွဲ့(EU)တို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ရေသတ္တဝါ မွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေး အစီအစဉ် MYSAP စီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်၌ လွန်ခဲ့သော မတ်လ အတွင်းက ကျင်းပခဲ့ပြီး ဖြစ်သည်။ စီမံကိန်းအရ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း

ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဆင်းရဲမှု လျှော့ချရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် အာဟာရ ဓာတ်ရရှိမှု တိုးတက် ကောင်းမွန်ရေး အပါအဝင် ရေသတ္တဝါ မွေးမြူမှု ရေရှည် တည်တံ့ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရေသတ္တဝါ မွေးမြူရေး ကဏ္ဍ ရေရှည် ဖွံ့ဖြိုးရေး အစီအစဉ်သည် မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့ ပူးပေါင်း၍ ဖွံ့ဖြိုး တိုးတက်ရေး၊ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး၊ ရန်ပုံငွေ ကူညီ ထောက်ပံ့ရေး တို့အတွက် စီမံကိန်း အကောင်အထည် ဖော်မှုဆိုင်ရာ သဘော တူညီချက်များ ထားရှိ ဆောင်ရွက်သည့် စီမံကိန်း ဖြစ်သည်။ စီမံကိန်း အကောင်အထည် ဖော်ရန် လုပ်ငန်းသုံး ပစ္စည်း၊ နည်းပညာနှင့် အထောက်အပံ့ စုစုပေါင်း ယူရိုငွေ ၂၂ ဒသမ ၂၅ သန်း ကုန်ကျခံ ဆောင်ရွက်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရေသတ္တဝါ မွေးမြူရေး ရေရှည် ဖွံ့ဖြိုး တိုးတက် လာစေရန် ခေတ်မီ နည်းပညာ ရရှိရေး၊ ဒေသနှင့် ကိုက်ညီသည့် မျိုးရရှိရေး တို့အတွက် အကူအညီများ လိုအပ် လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အလှူရှင် နိုင်ငံများ၊ ဒေသတွင်းနှင့် ပြည်တွင်းမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ နည်းပညာ ဆိုင်ရာ လိုအပ်ချက် များရရှိရေး ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်ရန်မှာ မြေနေရာ အခက်အခဲ ရှိကြောင်း သိရသဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြု၍ လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တို့က စီစဉ်နေပြီ ဖြစ်သည်။ မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းတွင် ယနေ့အထိ အသုံးပြုထားသော မြေဧကပေါင်း လေးသိန်း နီးပါးခန့် ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်၌ ငါးမွေးမြူရေး ကန်ဧက ၃ဝဝဝဝ ကျော်တွင် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွ၊ ငါးတန်၊ ငါးမုတ်၊ တီလားဗီးယား စသည့် ငါးမျိုးများ မွေးမြူထားရာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီမှစ၍ မတ်လ နောက်ဆုံးရက်များတွင် အပူလွန်ကဲ လာမှုကြောင့် ငါးများ သေဆုံးမှု ရှိသည်။ ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီ အနီးရှိ ကမ်းခြေ တစ်ခုတွင် အရှည်ပေ ၄ဝ ခန့်ရှိ ဝေလ ငါးတစ်ကောင် သောင်တင် သေဆုံးနေသည်ကို စေတီကွင်း ကျေးရွာမှ ဒေသခံ များက တွေ့ရှိ ခဲ့ကြသည်။ စေတီကွင်း ကျေးရွာ အနီးတွင် ယခင်ကလည်း ဝေလငါးတစ်ကောင် သောင်တင် သေဆုံး ခဲ့ဖူးကြောင်း သိရသည်။ ဝေလငါးများ သောင်တင် သေဆုံး ရခြင်းမှာ ပင်လယ်ရေ မျက်နှာပြင် အပူချိန် မြင့်မား လာခြင်းကြောင့် ဖြစ်ကြောင်း နိုင်ငံတကာ အဏ္ဏဝါ ပညာရှင်များက ပြောကြား ထားသည်။ ထို့ကြောင့် ရာသီဥတု လွန်ကဲခြင်းသည် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်သည်။

မြန်မာနိုင်ငံ သား/ငါးကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးရေးသည် ပြည်တွင်း စားသုံးမှု ဖူလုံရေးနှင့် ပိုလျှံသည် များကို နိုင်ငံခြားသို့ တင်ပို့နိုင်ရေးအထိ မျှော်မှန်း ဆောင်ရွက်ရမည့် လုပ်ငန်း ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့ တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပ၍ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက် လျက်ရှိသည်။ ရန်ကုန်မြို့ ဘုရင့်နောင်လမ်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံး၌ သား/ငါးကဏ္ဍ ဘက်စုံဖွံ့ဖြိုးမှု ဆိုင်ရာ တွေ့ဆုံ ညှိနှိုင်းပွဲကို ဧပြီ ၉ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

တွေ့ဆုံ ညှိနှိုင်းပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန် ရှိသူများ စုံညီ တက်ရောက်ကြသည်။

တွေ့ဆုံ ညှိနှိုင်းပွဲတွင် သား/ငါးကဏ္ဍ ထွက်ကုန်များ အရည်အသွေး မြှင့်တင် ဆောင်ရွက်ရေး၊ ပို့ကုန်တိုးမြှင့်ရေးနှင့် ဈေးကွက် တည်ငြိမ်ရေး၊ ခေတ်စနစ်နှင့် လျော်ညီသော မွေးမြူ ထုတ်လုပ်မှု ဆိုင်ရာ ဥပဒေများ သုံးသပ် ပြဋ္ဌာန်းနိုင်ရေး၊ ရင်းနှီးမတည်ငွေ တိုးမြှင့် ဆောင်ရွက်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ဖြစ်သည်။ မြန်မာနိုင်ငံ သား/ငါးကဏ္ဍ ဖွံ့ဖြိုးရေးကို နိုင်ငံတော် အစိုးရနှင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ ပူးပေါင်း ကြိုးပမ်း လျက်ရှိရာ ပြည်သူ တစ်ဦးချင်းကလည်း ငါးမျိုးမတုံးရေး အလေးထား လိုက်နာကြရမည် ဖြစ်ကြောင်း မြဝတီက ထပ်လောင်း နှိုးဆော် လိုက်ရပါသည်။ ။

Read 94 times Last modified on Thursday, 20 April 2017 15:59