Wednesday, 19 April 2017 16:27

မြဝတီ၏ နှစ်သစ်မင်္ဂလာ ဆုတောင်း မေတ္တာ

Written by 
Rate this item
(0 votes)

မြန်မာပြက္ခဒိန်နှစ်ဟောင်း ၁၃၇၈ ခုနှစ်ကုန်ဆုံး၍ ၁၃၇၉ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းခဲ့ပြီဖြစ်သဖြင့် မြန်မာပြည်သူ အပေါင်းတို့သည် စိတ်သစ်၊ လူသစ်၊ အားမာန်သစ်နှင့် မျှော်လင့်ချက် အသစ်များ ကိုယ်စီကိုယ်င ချမှတ်ခဲ့ကြပြီးဖြစ်သည်။

ကုန်ဆုံးသွားသော ၁၃၇၈ ခုနှစ်သို့ စတင်ကူးပြောင်းချိန်ကလည်း ဤသို့သော မျှော်လင့်ချက်အသစ်များ ချမှတ်ခဲ့ကြဖူးလေရာ မျှော်လင့်ချက်တို့ မည်မျှရရှိခဲ့သည်။ မိမိရသင့်သလောက် ရရှိခဲ့ကြပါ၏လော၊ ရရှိသင့်သလောက် မရရှိခဲ့သော် မည်သည့်အတွက်

ကြောင့်မရရှိသည်တို့ကို ပြန်လည်ဆန်းစစ်၍ ယခု ၁၃၇၉ ခုနှစ်တွင် မျှော်လင့်ချက်တို့ရရှိ အောင် မည်သို့အားထုတ်ရမည်ကို နည်းလမ်းရှာကြံကြရပေမည်။ ယခင်နှစ်အတွေ့အကြုံများကို ပြန်လည်ဆန်းစစ်မှုမရှိ၊ နည်းလမ်းရှာကြံရမှန်းမသိ၊ သိသော်ငြား အားထုတ်မှုမရှိသူအဖို့မှာမူကား အသက်တစ်နှစ် ပိုကြီးသွားရုံမှတစ်ပါး အခြားမရှိသည်ကို နှလုံးသွင်းအပ်သည်။

ယခုနှစ်မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်၌ အစဉ်အလာမပျက် ယဉ်ကျေးစွာ ရေကစားကြသော ရေကစားမဏ္ဍပ်များ၊ ရပ်ကွက်အလိုက် လမ်းလျှောက်ရေကစား မဏ္ဍပ်လေးများတွင် ပျော်ပျော်ပါးပါး ရေကစားကြသူများနှင့် ထူးခြားမှုအဖြစ် သံချပ်ပြိုင်ပွဲများ ကျင်းပသည့် မဏ္ဍပ်များတွေ့ရသည်။  သံချပ်ပြိုင်ပွဲများ ကျင်းပရာတွင် သံချပ်၊ အက၊ သဘာဝ၊ အလှဟူသော မူလေးချက်ဖြင့် အကဲဖြတ်ကြောင်း သိရသည်။ သံချပ်တစ်မျိုးတည်းသာ ယှဉ်ပြိုင်သော အဖွဲ့အတွက် ခွင့်ပြုချိန်တစ်နာရီသတ်မှတ်ထားပြီး သံချပ်နှင့်အက တွဲဖက် ယှဉ်ပြိုင်သော အဖွဲ့အတွက် နှစ်နာရီသတ်မှတ်ထားသည်။ သံချပ်တစ်မျိုးတည်းသာ ယှဉ်ပြိုင်သော အဖွဲ့သည် ဆုရရှိရေးအတွက် သံချပ်တစ်မျိုးတည်းသာ မျှော်လင့်ချက်ရှိသော်လည်း သံချပ်နှင့်အက တွဲဖက်ယှဉ်ပြိုင်သောအဖွဲ့သည် သံချပ်၊ အက၊ သဘာဝ၊ အလှဟူသော ဆုများမှတစ်ဆု သို့မဟုတ် တစ်ဆုထက်ပို၍ မျှော်လင့်ချက်ရှိသည်။ သံချပ်ဟူသည် အိုးစည်၊ ဒိုးပတ်ဝိုင်းတွင် အတိုင်အဖောက်ဆိုသော ကဗျာတစ်မျိုးဟု မြန်မာအဘိဓာန်က အဓိပ္ပာယ်ဖွင့်ထားပြီး သံချပ်ထိုးဆိုသည်မှာ အကြောင်းအရာတစ်ရပ်ရပ်ကို သံချပ်စပ်၍သီဆိုသည်။

သံချပ်နှင့် ထုတ်ဖော်ပြက်ရယ်ပြုသည်ဟူ၍ အဓိပ္ပာယ်ဖွင့်ထားသည်။ သံချပ်ထိုးကြရာတွင် အတိုင်သမားက ''ရွာဦးကျောင်းက ခေါင်းလောင်းသံ'' ဟု တိုင်လိုက်သည်နှင့် အဖောက်သမားတို့က ''သာဓုခေါ်ရန် သတိ သတိ'' ဟူ၍ နှိုးဆော်လိုက်သည်။ အချို့သံချပ်များမှာ အတိုင်နှင့်အဖောက် အပြန်အလှန်တိုင်ကြ၊ ဖောက်ကြသည်လည်းရှိသည်။ ပြက်ရယ်ပြုသည့် သဘောမှာ သံချပ်တိုင်သူက ''ကိုလူပျိုရဲ့ပန်ကြားလွှာ'' ဆိုသည်နှင့်ဖောက်သူတို့က ''ခြောက်မျက်နှာပဲ လွန်လွန်ကဲရှင့်'' ဟု ဆိုကြသည်။ ထို့ကြောင့် မြန်မာမှုနယ်ပယ်တွင် အတိုင်အဖောက်ညီပါပေသည်ဟု ပြောကြခြင်းဖြစ်သည်။

ယခုနှစ်သင်္ကြန်၌မူ အချို့သော သံချပ်များမှာ သံချပ်၏အဓိပ္ပာယ်၊ အနှစ်သာရ ပျောက်ကွယ်၍ အပျက်သဘော၊ အဖျက်သဘော ဆောင်နေသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရသည်။

မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေးကို အထွေထွေထိန်းချုပ်မှု လျှော့ပေါ့သည့်အဆင့်၊ ကူးပြောင်းရေးအဆင့်နှင့် ခိုင်မာရေး အဆင့်တို့ကို သိမ်မွေ့ညင်သာစွာ ဖြတ်ကျော်ခဲ့ကြပြီး

ဖြစ်သဖြင့် လောကပါလ စံနှုန်းများနှင့်ကိုက်ညီရန် နိုင်ငံတော်အစိုးရ၊ လွှတ်တော်များ၊ ပြည်သူနှင့်တပ်မတော်တို့ တက်ညီလက်ညီ ပူးပေါင်းတည်ဆောက် ကြရမည်ဖြစ်သည်။

ပြည်သူအားလုံးတို့ တူညီသောဆန္ဒဖြစ်သည့် အေးချမ်းတည်ငြိမ် ဖွံ့ဖြိုးရေးနှင့် ပျော်ရွှင်ချမ်းမြေ့သော နေ့ရက်များ ပိုင်ဆိုင်ကြစေရန်မှာ ပြည်သူတစ်ဦးချင်း ကျရာကဏ္ဍမှ အကောင်းဆုံးဖြစ်အောင် ပူးပေါင်းပါဝင်ကြရမည်ဖြစ်သည်။ အလုပ်ကိစ္စဟူသမျှတို့၏ အန္တရာယ်ဖြစ်သည့် သို့လောသို့လော တွေးတောယုံမှားခြင်းတို့ကို ပယ်ဖျောက်၍ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ရှေးရှုသော စေတနာကောင်းဖြင့် ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်သည်။

ကုန်လွန်ခဲ့သောအချိန်နှင့် ဆုံးရှုံးမှုတို့ကို ပြန်လည်တမ်းတနေခြင်းဖြင့် အစားပြန် မရနိုင်တော့ပေ။ အကျိုးမရှိသည်တို့ကို စွန့်လွှတ်၍ အကျိုးရှိသည်များကို ဆက်လက် ထိန်းသိမ်းကာ ပို၍အကျိုးရှိအောင် ဖန်တီးရန်သာဖြစ်သည်။ ယနေ့ကောင်းမှ မနက်ဖြန်ကောင်းမည် ဆိုသည်ကို အစဉ်သတိရှိကြရပေမည်။ နိုင်ငံနှင့် နိုင်ငံသားတို့၏ တည်တံ့ခိုင်မြဲမှုသည် နိုင်ငံသားများ၏ စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် တည်ဆောက်ထားကြသည့် အားလျော်စွာ ညီညာမှပြည်သာမည်၊ ညီညွတ်မှပြည်အထွတ် ရောက်မည်ဟူသော ဘိုးဘွားတို့ အစဉ်အလာ မှာကြားခဲ့ကြသည်ကို နှလုံးသွင်းအပ်သည်။

သို့ဖြစ်၍ ကုန်လွန်ခဲ့သော ၁၃၇၈ ခုနှစ်က အတွေ့အကြုံများကို ပြန်လည်ဆန်းစစ်ပြီး ပယ်သင့်သည်ကိုပယ်၊ ဆယ်သင့်သည်ကိုဆယ်ကာ တစ်ဦးချင်း၏ စီးပွားရေး၊ လူမှုရေး ကိစ္စများမှစ၍ တစ်နိုင်ငံလုံးအတွက် ကောင်းစေရန် ၁၃၇၉ ခုနှစ် နှစ်သစ်တွင် မြန်မာပြည်သူ အပေါင်း ဆက်လက်ကြိုးပမ်း အားထုတ်နိုင်ကြစေကြောင်း မင်္ဂလာရှိသော နှစ်သစ်တွင် မြဝတီက ဆုတောင်းမေတ္တာပို့သအပ်ပါသည်။   ။

Read 68 times Last modified on Wednesday, 19 April 2017 16:29