Wednesday, 12 April 2017 15:46

သ ပြေ ခက် နှင့် ရေ ပက် ကြ ရာ ဝယ်

Written by 
Rate this item
(0 votes)

တန်ခူးလ အခါသမယတွင် လေရူးနှင့်အတူ ရော်ရွက်ဝါတို့ ဝေ့ကာဝဲကာ မြေပြင်သို့ သက်ဆင်းကြသည့် မြင်ကွင်းကို သာယာကြည်နူးဖွယ် ကောင်းအောင် နွေတေးရှင်ဟု ခေါ်ကြသော ဥသြတွန်သံက အားဖြည့်ပေးထားသည်။

နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသော မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပရန် အဆင်သင့်ဖြစ်နေကြလေပြီ။ မြန်မာ့ ရိုးရာသင်္ကြန်ပွဲတော်ကို ပုဂံခေတ်မှစတင်ကာ ယနေ့ကာလတိုင် နှစ်စဉ်နှစ်တိုင်း ကျင်းပကြသည်။ သင်္ကြန်ပွဲတော်တွင် တစ်ဦးနှင့်တစ်ဦး သီတာရေဖြင့်လောင်းခြင်း၊ နံ့သာရေကိုသပြေခက်နှင့် ပက်ဖျန်းခြင်းတို့သည် နှစ်ဟောင်းမှ ဘေးဥပဒ် အန္တရာယ်နှင့်အနိဋ္ဌာရုံများ ပပျောက်ကင်းစင် ကာ မေတ္တာနှင့်ဖြူစင် သန့်ရှင်းခြင်းသို့ ရောက်ကြစေရန် ရည်သန်၍ ရေက စားကြခြင်းဖြစ်သည်။ သင်္ကြန်အကျနေ့မှ သင်္ကြန်အတက်နေ့တိုင် အတာရေပက်ဖျန်းကစားကြရာ အတာရေသည် အေးမြသည့် သဘောကိုဆောင်သည်။ သပြေခက်နှင့်ရေပက်သူများ၊ ငွေဖလားနှင့်ရေကစားသူများဖြင့် စည်ကားသော သင်္ကြန်ပွဲတော်တွင် အရပ်လေးမျက်နှာမှ လာကြသူအားလုံးကို စေတနာသဒ္ဓါတရားထက်သန်စွာ ကျွေးမွေးဧည့်ခံဒါန ပြသူတွေကလည်း များပြားလှသည်။

သင်္ကြန်ကာလမြို့ကြီးများတွင် အလှပြကားဖြင့် လှည့်လည်ဖျော်ဖြေကြရာတွင် သာယာနာပျော်ဖွယ် သင်္ကြန်တေးရေး စပ်သီဆိုကာ ညီညီညာညာကပြသော ယိမ်းအကများ တစ်နှစ်ထက်တစ်နှစ်မရိုးအောင် တီထွင်ဆန်းသစ် လာကြသည်မှာ မြန်မာတို့ အနုပညာတိုးတက်မှုဖြစ်သည်။ မြန်မာ့ရိုးရာသင်္ကြန်ကာလတွင် ဖျော်ဖြေတင်ဆက်မှုများနည်းတူ ကြည်နူးဖွယ်မြင်ကွင်းများကို မြင်တွေ့ကြရသည်။ ကြီးသူကိုရိုေ သ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုချစ်ခင် သနားဟူသော မြန် မာတို့ အစဉ်အလာ ယဉ်ကျေးမှုနှင့်အညီ သက်ကြီးရွယ်အိုအဘိုးအဘွားများအား တစ်ကိုယ်ရေသန့်ရှင်းမှုကို ဝိုင်းဝန်း ဆောင်ရွက်ပေးကြခြင်း၊ စားသောက်ဖွယ်ရာနှင့် အသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးများထောက်ပံ့ လှူဒါန်းဂါရဝပြုကြသည်။

ထိုမျှမက ကုသိုလ်ပြုကြသူများမှာ သာသနာ့ဘောင်သို့ ဝင်ရောက်ကြသူများ၊ တရားစခန်းသို့ ဝင်ရောက်တရားအား ထုတ်ကြသူများလည်းရှိကြသည်။ သာသနာ့ဘောင်သို့ ဝင်ရောက်ကြသူများနှင့် တရား စခန်းသို့ ဝင်ရောက်အားထုတ် ကြသူများမှာ အချိန်ပိုင်းမျှသာ ဖြစ်သော်လည်း ဂေါတမမြတ်စွာဘုရား၏ အဆုံးအမတရားတော်များကို ပိုမိုသိမြင်၍ ဖောက်ပြန်သည်ကရုပ်၊ ကြံတွေးသိသည်ကနာမ်၊ နာမ် ရုပ်ဖြစ်မြဲ ဒိဋ္ဌိမှန်ဆိုသော ကမ္မဋ္ဌာန်းတရားပွားများခြင်း၏ ကောင်း ကျိုးသုခကို ရနိုင်ကြမည်ဖြစ်သည်။

ဂေါတမမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်က အတုယူအားကျဖွယ် အဂ္ဂသာဝကကြီးများ ရှိကြသည့်အနက် လက်ယာ တော်ရံမထေရ်မြတ် အရှင်သာရိပုတ္တရာ၏ ထူးချွန်ထက်မြက်ပုံကို ရှင်မဟာသီလဝံ သရေးဖွဲ့သော ပါရမီတော်ခန်းပျို့၌ ''ခြင်္သေ့ဆီနှင့် သိင်္ဂီနိက္ခ၊ ရွှေဖျဉ်းဝသို့၊ ဓမ္မက္ခန္ဓာ၊ ဒေသနာတည့်၊ ပေစာအပေါင်း၊ ရှစ်သောင်းလေးထောင်၊ စေ့ဆောင် ရေတွက်၊ ငါ့နှုတ်နက်ကို၊ ဆောင်ရွက်မှတ်သား၊ ပညာနားနှင့် တရားတည်ငှာ၊ နားဝင်စွာသည်၊ လက်ျာထေရ်ကျော်၊ ငါ့သားတော်''ဟု ဖော်ညွှန်းထားသည်။ လက်ယာတော်ရံ အရှင်သာရိပုတ္တရာသည် ဂေါတမမြတ်စွာဘုရား ဟောကြား တော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို အလွတ်ကျက်မှတ်မိသူများတွင် ထူးချွန်ထက်မြက်သကဲ့သို့ လက်ဝဲတော်ရံ အရှင်မောဂ္ဂလာန်မထေရ်မြတ်ကြီးသည်လည်း ဈာန်သမာပတ်ဝင်စားရာတွင် သူမ တူအောင်ထူးချွန် ကြောင်းကို ''သမာပတ်ဈာန်၊ တန်ခိုးထန်သည်၊ မောဂ္ဂလာန်''ဟု ရှင်မဟာသီလဝံသ ရေးဖွဲ့ထားသည်။

သာသနာ့ဘောင်ဝင်သော အမျိုးသားများနည်းတူ အတုယူအားကျဖွယ် အမျိုးသမီးများရှိကြသည့်အနက်မှ ''ကိုယ်ပေါ် ကိုယ်တွင်း၊ သန့်ရှင်းရှင်းလျှင်၊ အချင်းခပ်သိမ်း၊ ကျေးဇူးရှိမ်းလျက်၊ ချိုးလိမ်းနံ့သာ၊ ဈာန်အင်္ဂါနှင့်၊ ခေမာဥပ္ပလဝဏ်၊ မိန်း မမွန်ဟု၊ နိဗ္ဗာန်လည်းရ၊ ရဟန်းမလည်း၊ သီလပညာ၊ သမာဓိက္ခန်၊ တုမဲ့လွန်အံ့''ဟူ၍ ဖော်ပြထားရာ ဘိက္ခုနီရဟန်းမ ခေမာဥပ္ပလဝဏ်သည် သီလ၊ ပညာ၊ သမာဓိထူး ချွန်ထက်မြက်သူဖြစ်ကြောင်း တွေ့ရသည်။

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်သည် မေတ္တာကရုဏာတို့ဖြင့် ထုံမွမ်းကြောင်းကို ''ဝဋ်မကင်းသူကိုဖြင့်၊ လွှတ်ခြင်းမှာဝါသနာပါတဲ့၊ ရွှေမြန်မာသည် လူမျိုးမှာလ''ဟူသော ဆရာဇော်ဂျီရေးဖွဲ့ထားသည့်အတိုင်း ငါးဘေးမဲ့လွှတ်ပွဲ၊ နွားဘေးမဲ့လွှတ်ပွဲ တို့ကို တွေ့ရသည်။

သို့ဖြစ်၍ သင်္ကြန်ကာလအတွင်း ကောင်းမှုကုသိုလ်ပြုကြသူများ တရားထူးရကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် သပြေခက်နှင့်ရေပက်ကြသူများ၊ ငွေဖလားနှင့် ရေကစားကြသူများအနေဖြင့် လည်း မေတ္တာကရုဏာဖြင့်သာ သင်္ကြန်ကာလကို ကျော်ဖြတ်ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။

Read 146 times Last modified on Wednesday, 12 April 2017 15:49