Tuesday, 11 April 2017 16:27

သတိပြုဖွယ် ယာဉ်အန္တရာယ် အသွယ်သွယ်

Written by 
Rate this item
(0 votes)

မြန်မာနိုင်ငံတွင် မော်တော်ကားလမ်းများ ကွန်ရက်သဖွယ်ဆက်သွယ် ဖောက်လုပ်ထားပြီး မော်တော်ယာဉ်များကလည်း နေ့ညမပြတ် တရစပ်မောင်းနှင်နေကြရာ ယာဉ်မတော် တဆ ဖြစ်မှုများကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု သတင်းများကို ကြားသိနေကြရသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့သစ်အတွင်း ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၌ လမ်းဘေးမြေသားလမ်းပေါ် ရပ်ထားသော ၁၈ ဘီးတွဲယာဉ်ကို မြောက်ဘက်မှတောင်ဘက်သို့ မောင်းနှင်လာသော ဘိလပ်မြေဖျော်စက်တင် ယာဉ်က အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မိရာ ဘိလပ်မြေဖျော်စက်တင် ယာဉ်မောင်းမှာ ဝဲဘက်ခြေသလုံးရိုးကျိုး၊ ဝမ်းဗိုက်ဖူးရောင်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ၎င်းယာဉ်နှင့်လိုက်ပါလာသူ တစ်ဦးမှာ မေးစေ့ကွဲသည့်ဒဏ်ရာနှင့် ဒူးတွင် ထိခိုက်ဒဏ်ရာရသွားသော ဖြစ်စဉ် မတ် ၃၁ ရက် နံနက် ၅ နာရီခွဲက ဖြစ်ပေါ်ခဲ့သည်။ ကျောက်တံခါးမြို့နယ် ဖဒိုမြို့အတွင်း ရန်ကုန်-မန္တလေးလမ်းဟောင်း မှန်ကျောင်းရွာလမ်းဆုံ၌ ဖဒိုမြို့မှ မြို့ချောင်းဘက်သို့ လူသုံးဦးစီးပြီး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်သည် ၎င်းတို့ရှေ့မှမောင်းနှင်နေသော လိုက်ထရပ်ယာဉ်ကို ကျော်တက်စဉ် မျက်နှာချင်းဆိုင်မှ လာနေသော ယာဉ်တစ်စီးနှင့် တိုက်မိသဖြင့် မော်တော်ဆိုင်ကယ်ပေါ်မှ လူနှစ်ဦးအခင်းဖြစ်နေရာတွင် သေဆုံးပြီး တစ်ဦးမှာ မြို့ချောင်းတိုက်နယ်ဆေးရုံ၌ အတွင်းလူနာအဖြစ် ကုသမှုခံယူရသည့်ဖြစ်စဉ် ဧပြီ ၂ ရက် နံနက် ၈ နာရီက ဖြစ်ပေါ်ခဲ့သည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၃၆/၁)နှင့် (၃၃၆/၂)အကြား စကားအင်းရဲစခန်းနယ်မြေ၌ နေပြည်တော်မှ မန္တလေးသို့ မောင်းနှင်လာသော ကွန်တိန်နာမော်တော်ယာဉ် တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကာရံထားသော သံပေါင်နှင့်တံတားထိပ်ရှိ ကျောက်စာတိုင်တို့ကို ဝင်တိုက်ပြီး တိမ်းမှောက် သွားသည့် ဖြစ်စဉ် ဧပြီ ၂ ရက် နံနက် ၅ နာရီတွင် ဖြစ်ပေါ်ခဲ့သော်လည်း လူသေဆုံးမှု မရှိဘဲ လူတစ်ဦးသာ အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိသွားသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ကန့်ဘလူ-ကျွန်းလှ-ကောလင်း ကားလမ်း၌ ကန့်ဘလူမှ ထွက်ခွာလာသော ခရီးသည်တင် ဒိုင်နာယာဉ်သည် မိုင်တိုင်အမှတ်(၃၆/ဝ)နှင့် (၃၆/၁)အကြား ရောက်ချိန်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားသဖြင့် အမျိုးသမီးနှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးပြီး အမျိုးသားငါးဦးနှင့်အမျိုးသမီး ၂ဝ ဦးတို့ ဒဏ်ရာအသီးသီး ရရှိသွားကြသည့်ဖြစ်စဉ် ဧပြီ ၁ ရက် နံနက် ၁၁ နာရီခွဲကဖြစ်ပေါ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်အတွင်း ရန်ကုန်-ပြည် အဝေးပြေးလမ်း မိုင်တိုင်အမှတ်(၁၅၇/၁)အနီး၌  ပြည်မြို့မှရန်ကုန်သို့  လူသုံးဦးစီးပြီး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော မော်တော်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိသဖြင့် မော်တော်ဆိုင်ကယ်ပေါ်မှ သုံးဦးစလုံး ဒဏ်ရာ ရရှိသွားသည်။ ဒဏ်ရာရရှိသူများအား အင်းမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် တစ်ဦးသေဆုံး သွားသည့်ဖြစ်စဉ်  ဧပြီ ၃ ရက် နံနက် ၅ နာရီ ၂၅ မိနစ်တွင် ဖြစ်ပေါ်ခဲ့သည်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း မြစ်ကြီးနား-ဝိုင်းမော်-ဆဒုံးလမ်း မိုင်တိုင်အမှတ်(၂၆)နှင့်(၂၇)ကြား၌ ဆဒုံးရေတံခွန်သို့ သွားရောက်လည်ပတ်သော သုံးဘီးဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လျှိုအတွင်းထိုးကျ တိမ်းမှောက်သွားသဖြင့် သုံးဘီးဆိုင်ကယ်ဖြင့် လိုက်ပါလာသူ ၁ဝ ဦး သေဆုံးပြီး ၁၆ ဦးမှာ ဒဏ်ရာအနည်းငယ်စီ ရသွားသောဖြစ်စဉ် ဧပြီ ၅ ရက် နံနက် ၉ နာရီက ဖြစ်ပေါ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး  ကမာရွတ်မြို့နယ်အတွင်း၌   ဘုရင့်နောင်လမ်းအတိုင်း လှိုင်မြို့နယ်ဘက်မှ ကြည့်မြင်တိုင်မြို့နယ်ဘက်သို့ မောင်းနှင်လာသော ကွန်တိန်နာယာဉ် တစ်စီးသည် ကမာရွတ်မြို့နယ် အမှတ်(၄)ရပ်ကွက် ဆင်မလိုက်မီးပွိုင့်အနီး ရောက်ချိန်တွင် ယာဉ်မောင်း အိပ်ငိုက်သွားပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသည့် လိုက်ထရပ် ကိုယ်ပိုင်ယာဉ်အား  ဝင်ရောက်တိုက်မိပြီးနောက်  ပလက်ဖောင်းပေါ်သို့ တက်သွားကာ   ညပိုင်းဖွင့်လှစ်ထားသည့်  ထမင်းဆိုင်တစ်ဆိုင်ကို ထပ်မံတိုက်မိရာ ထမင်းဆိုင်၌ ထမင်းစားနေသူတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ထမင်းဆိုင်ပိုင်ရှင် အပြင်းအထန်ဒဏ်ရာရရှိသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် တက်ရောက်ကုသလျက် ရှိကြောင်းသိရသည်။

ယခုတင်ပြခဲ့သောဖြစ်စဉ်များမှာ ရာသီဥတု အခြေအနေဆိုးရွားမှုနှင့် ယာဉ်ချွတ်ယွင်းချက်တို့ကြောင့် မဟုတ်ဘဲ ယာဉ်မောင်းသူတို့၏ ပေါ့ဆမှုကြောင့် လူသေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ကြောင်းတွေ့ရသည်။  အထူးသဖြင့်  စစ်ဆေးမှု အားနည်းသော ဒေသများ၌ မော်တော်ဆိုင်ကယ်ပေါ်တွင် လူသုံးဦးစီးကြသည့် ဖြစ်စဉ်များမှာ မကြာခဏ တွေ့ရတတ်သည်။  နေ့စဉ်ရက်ဆက် စစ်ဆေးနေသော်လည်း  စစ်ဆေးရေးမရှိသော နေရာနှင့်စစ်ဆေးရေးအဖွဲ့ မရှိသောအချိန်များတွင်  ဆိုင်ကယ်စီးဦးထုပ် မဆောင်းဘဲ  မောင်းနှင်နေကြသူများကို တွေ့ရသည်။ ဆိုင်ကယ်စီးဦးထုပ် ဆောင်းရန် သတ်မှတ်ထားခြင်းသည် ဘယ်သူ့အတွက် ဆိုသည်ကိုပြည်သူများ အလေးအနက် စဉ်းစား သုံးသပ်ကြရန်လိုကြောင်း မြဝတီက ထပ်လောင်းနှိုးဆော် လိုက်ရပါသည်။ ။

Read 81 times Last modified on Tuesday, 11 April 2017 16:32